ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၀-၁ ဝါဒါဘရီမင် ပွဲစဉ်အပြီးမှာ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းဟာ အတော်လေး ဆိုးရွားခဲ့တာကြောင့် ရှုံးပွဲနဲ့ ထိုက်တန်ပါတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

တူဟယ်လ် ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါ ပွဲစဉ်(၁၈) အဖြစ် တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝါဒါဘရီမင်ကို အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ တူဟယ်လ်က အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ နိုင်ပွဲ ရယူဖို့ စီစဉ်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားချိန်မှာတော့ အိမ်ရှင် ဘိုင်ယန်မြူးနစ်က ပွဲကို စိုးမိုးထားနိုင်ပေမယ့် တန်းဆင်းဇုန် အန္တရာယ်ကြောင့် ရုန်းကန် ကစားနေတဲ့ ဝါဒါဘရီမင်ရဲ့ ခံစစ်ကြောင်းကို ကျော်ဖြတ်ကာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ပွဲချိန် ၅၉မိနစ်မှာ ဝါဒါဘရီမင်ရဲ့ ဦးဆောင်ဂိုးကိုလည်း ခွင့်ပြုပေးခဲ့ရပါတယ်။

ဝါဒါဘရီမင် အတွက် အနိုင်ဂိုးကို တောင်ပံတိုက်စစ် ကစားသမား ဝီဆာက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်က တရစပ် တိုက်စစ်ဆင်မှုတွေ လုပ်ခဲ့ပေမယ့် ဂိုးသွင်းယူဖို့ လုံလောက်တဲ့ အခွင့်အရေးကောင်းတွေ မဖန်တီးနိုင်ခဲ့ပဲ အိမ်ကွင်းမှာ ရှုံးပွဲ ထပ်ကြုံခဲ့ရပါတယ်။

Photo Credit: Sky Sports

ဒီရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်က ပွဲကျန် ၁ပွဲသာ ကစားဖို့ ကျန်နေချိန်မှာ အမှတ်ပေးဇယားရဲ့ ဦးဆောင်သူ လေဗာကူဆင်နဲ့ ရမှတ် ၇မှတ် အထိ ပြတ်သွားခဲ့ပြီး တူဟယ်လ်ကတော့ သူတို့အသင်းမှာ ခြေစွမ်းပိုင်း မတည်မငြိမ်မှုတွေ ရှိနေကြောင်းနဲ့ ဝါဒါဘရီမင်ကို ရှုံးသင့်ပါတယ်လို့ ဝန်ခံလာပါတယ်။

တူဟယ်လ်က – “ကျွန်တော်တို့တွေ ကောင်းကောင်း လေ့ကျင့်ခဲ့ပါတယ် ဆိုတဲ့ စကားကို မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေက ကျွန်တော်တို့ကို မယုံတော့လို့လေ။ ကျွန်တော်တို့က ကစားသမားတွေကို ဘယ်လိုဖြစ်သွားလဲ ဆိုတာ မေးဖို့ လိုနေပါပြီ။ ကျွန်တော်တို့က ဘိုင်ယန်မြူးနစ်ရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီတဲ့ ကစားပုံမျိုးနဲ့ ကစားခဲ့ကြပါတယ်။ ဒါကြောင့် ဒီပွဲက ထိုက်တန်တဲ့ ရှုံးပွဲပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။