ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပိုကယ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဖရိုင်းဘက်ကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှု အတွက် သူ့မှာ တာဝန်ရှိကြောင်း ပွဲပြီးဆုံးချိန်မှာ ဝန်ခံသွားခဲ့ပါတယ်။

သောမတ်စ် တူဟယ်လ်က ပြီးခဲ့တဲ့အပတ်မှာပဲ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြအဖြစ် စတင် တာဝန်ယူခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ဘိုင်ယန်နည်းပြဘဝ ပထမဦးဆုံးပွဲမှာ ဒေါ့မွန်ကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဒုတိယမြောက်ပွဲမှာတော့ ဖရိုင်းဘက်ကို အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာပဲ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Sports Buzzer

ဘိုင်ယန်မြူးနစ်က ပိုကယ်ဖလား ကွာတားဖိုင်နယ် အဖြစ် ဖရိုင်းဘက်ကို အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ ဧည့်ခံ ကစားခဲ့ရပြီး ဖလားပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး အိမ်ရှင် ဘိုင်ယန်မြူးနစ်က ဖရိုင်းဘက်ကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ ချူပိုမိုတင် ၊ ကိုးမန်း ၊ ဂနာဘရီ ၊ မာနေး စတဲ့ ကစားသမားတွေက ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ဟာ နောက်ခံလူ အူပါမီကာနို သွင်းယူခဲ့တဲ့ သွင်းဂိုး တဂိုးထဲနဲ့ ကျေနပ်ခဲ့ရပြီး ဖရိုင်းဘက်ရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဟော့ဖ်လာနဲ့ ဟိုလာတို့ကတော့ ရလာတဲ့ ဂိုးသွင်းခွင့်တွေကို အပိုင် အသုံးချပြခဲ့တာကြောင့် ဖရိုင်းဘက်ဟာ အဝေးကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit: Sports Buzzer

ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ဖရိုင်းဘက်ကို ရှုံးနိမ့်ခဲ့ရုံတင်မကပဲ ပိုကယ်ပြိုင်ပွဲ ကနေပါ ထွက်ခွာခဲ့ရတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ပရိသတ်တွေက အသင်းရဲ့ ကစားသမားတွေကို ဝေဖန်နေကြပြီး ဘိုင်ယန်နည်းပြသစ် တူဟယ်လ်ကတော့ ရှုံးပွဲအတွက် တာဝန်အရှိဆုံးလူဟာ သူသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တူဟယ်လ်က – “ကျွန်တော်က ရှုံးပွဲအတွက် ကစားသမားတွေကို ဒေါသထွက်တာမျိုး မရှိပါဘူး။ ကျွန်တော်တို့က ဖရိုင်းဘက်တို့ ရခဲ့တဲ့ ဂိုးကန်သွင်းခွင့် ၂ကြိမ် ကနေ သွင်းဂိုး ၂ဂိုး ပေးခဲ့ရတာပါ။ ဖရိုင်းဘက်က ဂိုးသွင်းခွင့် ၂ကြိမ်ပဲ ရခဲ့တယ်လို့ ပြောရင် မမှားပါဘူး။ ကျွန်တော်တို့ရဲ့ Final Passတွေက အတော်လေးကို အမှားအယွင်း များခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ အတွက် ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့က ဒီပွဲမှာ ရခဲ့တဲ့ ကောင်းတဲ့ အချက်တွေကို နောက်ပွဲတွေဆီ ဆက်ပြီး သယ်ဆောင်သွားရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ကိုယ့်ရဲ့ အမှားတွေကြောင့် အပြစ်ပေးခံခဲ့ရတာပါ။ ကျွန်တော်တို့က ကွာတားဖိုင်နယ်ပွဲ တပွဲကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရလို့ အတော်လေး စိတ်ပျက်နေကြပါတယ်။ ဒီပွဲအတွက် တာဝန်အရှိဆုံးလူက ကျွန်တော်ပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။