ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်ကတော့ သူဟာ အသင်းနဲ့အတူ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၈နှစ် အရွယ် ဂျာမဏီလူမျိုး ထိပ်တန်းနည်းပြ ဖြစ်သူ တူဟယ်လ်က ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ချယ်လ်ဆီးကို စတင် ကိုင်တွယ်ခဲ့ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဖလား ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

တူဟယ်လ်က ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာချိန်မှာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်တာကြောင့် သူနဲ့ ချယ်လ်ဆီးရဲ့ ကြားထဲမှာ စာချုပ်သက်တမ်း ၂နှစ် အထိ ကျန်နေသေးပေမယ့် ချယ်လ်ဆီးကတော့ တူဟယ်လ်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျတာကြောင့် စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနဲ့ တူဟယ်လ်တို့ရဲ့ ကြားထဲမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး နှစ်ဖက်စလုံးက စာချုပ်သစ် ချုပ်ဆိုဖို့ လိုလားနေတာကြောင့် မကြာခင်မှာပဲ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ ပြီးပြတ်နိုင်ကြောင်း သိရပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ တူဟယ်လ်ကလည်း သူဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးကပ်နေကြောင်းကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့သလို သူဟာ ချယ်လ်ဆီးကို နည်းပြခွင့် ရနေတဲ့ အပေါ် အတော်လေး ပျော်ရွှင်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။

တူဟယ်လ်က – “ကျွန်တော်တို့တွေ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်စားလှယ်တွေက အသင်းပိုင်ရှင်နဲ့ စကားပြောနေသလို အရာအားလုံးကို ဂရုတစိုက် လုပ်ဆောင်နေပါတယ်။ ကျွန်တော်က ဒီမှာ ရှိနေတဲ့ အတွက် အရမ်းကို ပျော်ရွှင်နေသလို ချယ်လ်ဆီးကို ကိုင်တွယ်ခွင့် ရတာကိုလည်း ကျေနပ် သဘောကျမိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။