ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်က သူတို့အသင်းရဲ့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့တော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခု နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

Photo Credit: Daily Mail

အလွန်ဆိုက ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး လက်ရှိမှာတော့ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့က အလွန်ဆိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကာ နှစ်သင်းကြားမှာ သဘောတူညီမှု ရဖို့ အလွန်ကို နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

အလွန်ဆိုက ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၀-၁ ချယ်လ်ဆီးရဲ့ ပွဲစဉ်မှာ အသင်းအတွက် ပါဝင် ကစားပေးဖို့ ငြင်းဆန်ခဲ့ပြီး ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ တူဟယ်လ်ကလည်း အလွန်ဆိုဟာ မကြာခင်မှာ အသင်းပြောင်းဖို့ ရှိနေကြောင်းနဲ့ သူ့ဘက်က အသင်းပြောင်းတော့မယ့် ကစားသမားကို မသုံးချင်တာကြောင့် အဲဗာတန်နဲ့ပွဲမှာ အလွန်ဆိုကို ချန်လှပ်ခဲ့တာပါ လို့ ပွဲအပြီးမှာ ပြောကြားသွားပါတယ်။

Photo Credit: Daily Mail

တူဟယ်လ်က – “အလွန်ဆိုက အပြောင်းအရွှေ့ ကိစ္စတွေကြောင့် ဒီနေ့ပွဲမှာ မပါဝင်နိုင်ခဲ့တာပါ။ သူက အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့သလို ကျွန်တော်တို့ကလည်း သူ့ကို ရောင်းချပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ သူ့ကို အသင်းအတွက် ပါဝင် ကစားခွင့် ပေးဖို့ ဆိုတာ ဘယ်လိုမှ အဓိပ္ပါယ် မရှိပါဘူး။ တကယ်လို့ သူကသာ အသင်းမပြောင်းသေးဘူး ဆိုရင် ဒီနေ့ပွဲမှာ ဝင်ကစားခွင့် ရနိုင်ပေမယ့် အသင်းပြောင်းဖို့ ရှိနေတဲ့ ကစားသမားကို ဝင်မကစားခိုင်းတာက အကောင်းဆုံး အရာပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။