မနေ့ညက ဗီလာပတ်ခ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ အိမ်ရှင်ဗီလာက ချယ်လ်ဆီးညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ရဲ့ ကိုယ့်ဂိုးကို ပြန်သွင်းမှုနဲ့ ပွဲကို ဦးဆောင်ခဲ့ရပေမယ့်လည်း ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီဂိုးတွေနဲ့ လူစားဝင် တိုက်စစ်ကစားသမား လူကာကူရဲ့ သွင်းဂိုးတွေကြောင့် ဧည့်သည်ချယ်လ်ဆီးတို့ နောက်ဆုံး(၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေရမှုကို အဆုံးသတ်သွားနိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဖိုးတန် အနိုင်(၃)မှတ်အတွက် အသင်းရဲ့ အရေးပါတဲ့ ကစားသမား(၂)ဦးကတော့ ဒဏ်ရာပြသာနာတွေနဲ့ ထပ်မံရင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : The Sun

ကိုဗစ်ဗိုင်းရပ်စ်ပိုးနဲ့ ဒဏ်ရာပြသာနာတွေအပြင် အလွန်ကျပ်ပိတ်လှတဲ့ ပွဲစဉ်တွေကိုပါ ယှဉ်ပြိုင်နေရတဲ့ ချယ်လ်ဆီးအသင်းဟာ လတ်တလောလေးကမှ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ လူကာကူ ဗာနာ အိုဒွိုင်း ဟားဗက်ဇ်တို့ ကိုဗစ် ကူးစက်ခံခဲ့ရလို့ အသင်းရဲ့ ပွဲစဉ်တွေ လွဲချော်ထားခဲ့ရသလို အခုလည်း ဗီလာကို အနိုင်ရလိုက်တဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ ကန်တီနဲ့ နောက်ခံကစားသမားကြီး သီယာဂိုဆေးလ်ဗားတို့က ဒဏ်ရာပြသာနာ အသီးသီး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဝါရင့် နောက်ခံလူကြီး ဆေးလ်ဗားက တံကောက်ကြောဒဏ်ရာ ရရှိသွားတာဖြစ်သလို ကန်တီကလည်း ဒူးဒဏ်ရာကို ရရှိသွားတာဖြစ်လို့ ဒီကစားသမား (၂)ဦးစလုံးကို ဒုတိယပိုင်း ပွဲချိန်အတွင်း လူစားလဲမှုတွေပါ ပြုလုပ်ခဲ့ရပါတယ်။

Photo Credit : The Sun

အခုလို ကိုဗစ်ဂယက်တွေ ပြန်ထနေချိန် ပွဲတွေကို ရပ်နားပေးခြင်း မရှိတဲ့အပေါ် ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က “သူတို့က ကျွန်တော်တို့တွေကို ဒဏ်ရာပြသာနာ အသစ်တွေနဲ့ ဆက်လက်ကစားခိုင်းဦးမှာ ဖြစ်ပြီးတော့ ရပ်တန့်သွားမှာလည်း မဟုတ်ပါဘူး။ ဒီမှာက ကျွန်တော်တို့အနေနဲ့ နိုင်ငံလက်ရွေးစင် အသင်းတွေအတွက် သွားရောက်ကစားရခြင်း မရှိတဲ့ ကစားသမားတွေရဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရတယ်။ ရုံးခန်းထဲမှာ အလုပ်လုပ်နေရတဲ့ သူတွေက ဒီဆုံးဖြတ်ချက်တွေကို ချမှတ်တယ်။ နောက်ထပ် ရှုံးထွက်ဖလား ပွဲ(၂)ပွဲမှာဆိုရင်လည်း ပွဲရွှေ့ဆိုင်းခံထားရတဲ့ အသင်းတွေနဲ့ ကစားရမှာပါမယ်။ ဒါက မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ တချိန်တချိန်မှာတော့ ကျွန်တော်လည်း ဒါတွေနဲ့ လိုက်လျောညီထွေ အဆင်ပြေသွားမယ်လို့ ထင်တာပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် တူဟယ်လ်ဟာ ဗီလာနဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ဒုတိယပိုင်းအတွင်း လူစားဝင်လာပြီး မိနစ်အနည်းငယ် အကြာမှာ သွင်းယူနိုင်ခဲ့တဲ့ လူကာကူရဲ့ စွမ်းဆောင်ရည်ကိုပါ ချီးကျူးပြောဆိုသွားခဲ့သလို လူကာကူအနေနဲ့ ကိုဗစ် ကူးစက်ထားရာကနေ ပြန်ကောင်းလာတာ ရက်ပိုင်းလေးပဲ ရှိနေသေးတဲ့အတွက် ပွဲချိန်ပြည့် ပါဝင်နိုင်ဖို့က အဆင်သင့် မဖြစ်သေးဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။