အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ် ကစားသမား ဖြစ်သူ အက်ဇယ် တွမ်ဇီဘီ က သူတို့ အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အရေးကြီးတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းရတော့မှာကို သိကြောင်းနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာ ကစားရမယ့် အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲဟာ ယူနိုက်တက် အသင်းကို ဇယားထိပ်ကို ရောက်ရှိစေနိုင်ကြောင်းနဲ့ အက်ဖ်အေ ဖလားပွဲစဉ်က ဝက်ဒ်ဖို့ဒ် ကို အနိုင်ယူပြခဲ့တာဟာ နမူနာ သဘောမျိုး သတိပေးလိုက်တာ ဖြစ်ကြောင်း တွမ်ဇီဘီ က ဆက်လက် ပြောဆိုခဲ့ပါတယ်။

Photo Credit: Express

တွမ်ဇီဘီ ဟာ ဘန်လေးအသင်းနဲ့ လီဗာပူးအသင်း စတဲ့ အသင်းနှစ်သင်းနဲ့ ရင်ဆိုင်မကစားမီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရုပ်သံလွှင့်ချန်နယ် တစ်ခု ဖြစ်တဲ့ MUTV ကို အခုလိုပဲ ပြောခဲ့ပါတယ်။ “ ကျွန်တော်တို့က အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ရောက်ချင်တာပါ၊ ခင်ဗျား သိတယ်မလား၊ ပြီးတော့ အခုချိန်က အဲ့ဒါကို ဖြစ်အောင် လုပ်ဖို့အတွက် အချိန်ပဲ။ လာမယ့် ပွဲစဉ်နှစ်ပွဲက ကျွန်တော်တို့ရဲ့ နေရာကို ထိပ်ဆုံးမှာ မြဲနေစေနိုင်မယ့် အခွင့်အရေးပါ၊ ကျွန်တော်တို့ အနေနဲ့ အဲ့ဒါကို အကောင်းဆုံး အသုံးချပြီးတော့ ဇယားထိပ်ကို ရောက်အောင် လုပ်ရပါမယ်။ ကျွန်တော့် အနေနဲ့ ဒီထက်ပိုပြီး မိနစ်တွေများများ ကစားခွင့် ရချင်ပါတယ်၊ အဲ့ဒါမှသာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို မြင့်သထက်မြင့်လာအောင် တစ်သားတည်း ထိန်းထားနိုင်မှာပါ ”

Photo Credit: Express

“ အသင်းတစ်သင်းလုံး အနေနဲ့ အကောင်းဆုံး ကစားနေကြပါတယ်၊ ဒါကြောင့်မို့ တစ်ခုတည်းသော နည်းလမ်းက ကျွန်တော်ရရှိတဲ့ အခွင့်အရေးတွေနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် အကောင်းဆုံး ဖိအားပေးပြီး အကောင်းဆုံး ကစားနိုင်ဖို့ပါပဲ။ တစ်ခါတစ်ရံမှာလည်း အခွင့်အရေးကို အပြာရောင်လိုင်းကနေ ရရှိတတ်ကြပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးအချက်ကတော့ ကျွန်တော်တို့အနေနဲ့ ဂိုးမပေးရအောင် ကစားပြီးတော့ ကစားပွဲကို အနိုင်ရရှိဖို့ပါပဲ။ ဝက်ဒ်ဖို့ဒ် အသင်းကို လေးစားပါတယ်။ သူတို့က အရမ်း ခက်ခဲတဲ့ စိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားတဲ့ အသင်းဆိုတာကို ကျွန်တော်တို့ ပွဲမကစားခင်တည်းက ပြောခဲ့ပါတယ်။ သူတို့အနေနဲ့ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် ကျွန်တော်တို့က သူတို့ရဲ့ အတွေးအခေါ်တွေနဲ့ ကစားပုံတွေကို သိနေကြပါပြီ။ ဒါကြောင့်မို့ အနိုင်ရဖို့ အတွက် ကျွန်တော်တို့ အကောင်းဆုံး ကစားဖို့ လိုတယ်ဆိုတာကို သိခဲ့ကြပါတယ်။ ”