ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ အက်စ်တွန်ဗီလာအသင်းထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ တွမ်ဇီဘီဟာ ဗီလာအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် မိခင်ကလပ်ဆီ ပြန်လာပြီး အီတလီ စီးရီးအေ အင်အားကြီးကလပ် နာပိုလီအသင်းထံ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် နောက်ခံလူ တွမ်ဇီဘီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး အနာဂတ်မှာ အရည်အသွေးမြင့် နောက်ခံလူ တဦး ဖြစ်လာမယ့်သူ အဖြစ် ထင်ကြေးပေးခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

တွမ်ဇီဘီဟာ ဘောလုံးကိုင် ကစားနိုင်စွမ်း ရှိသလို အသင်းရဲ့ ခံစစ်ကြောင်းအပေါ် လွှမ်းမိုးနိုင်စွမ်းလည်း အပြည့် ရှိတာကြောင့် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်သူ ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာရတတ်က သူ့ရဲ့ အားနည်းချက် တခုပါ။

အဲ့ဒီအားနည်းချက်ကြောင့်ပဲ တွမ်ဇီဘီဟာ အက်စ်တွန်ဗီလာအသင်းထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ချိန်မှာ စုစုပေါင်း ၅၀၅မိနစ်သာ ကစားခွင့် ရခဲ့ပြီး ဗီလာအသင်းထံ နည်းပြသစ် ဂျာရတ် ရောက်လာပြီးနောက်ပိုင်း ပွဲထွက် ကစားခွင့် ရဖို့ အတော်လေးကို ရုန်းကန်နေရပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ နာပိုလီအသင်းဟာ အသင်းရဲ့ အားထားရတဲ့ နောက်ခံလူ ကူလီဘလီကို အာဖရိကဖလား ပြိုင်ပွဲဆီ ၁လနီးပါး စေလွှတ်ရဖို့ ရှိနေတာကြောင့် ကူလီဘလီနဲ့ ကစားပုံချင်း ဆင်တူတဲ့ တွမ်ဇီဘီကို ရာသီဝက် အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နာပိုလီအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ တွမ်ဇီဘီရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပြီး နာပိုလီအသင်းက အငှားကာလ အတွင်းမှာ တွမ်ဇီဘီရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေဖို့ ကမ်းလှမ်းထားသလို ရာသီကုန်မှာ တွမ်ဇီဘီကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူချင်နေကြောင်းလည်း သိရပါတယ်။