ဝက်ဖို့ဒ် တိုက်စစ်မှူး ဒီနေးက လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ်ကြောင့် ဖျက်သိမ်းရမယ် ဆိုရင် လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ရရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ပွဲစဉ် (၂၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပွဲစဉ်တွေကို ရပ်နားခဲ့ရပြီး ယခုလ မတ်လ (၃၀) ရက်နေ့အထိ ရပ်နားသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် (၂၅) မှတ် ဖြတ်ထားပြီး ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖု့ိ နောက်ထပ် ရမှတ် (၆) မှတ်သာ လိုအပ်တာ ဖြစ်ပါတယ်။

Photo Credit: Liverpoolecho

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရှုံးပွဲ မရှိစံချိန်ကို ဝက်ဖို့ဒ်အသင်းကြောင့် ပျက်ပြယ်သွားခဲ့ပြီး ပြီးခဲ့တဲ့ လမှာ ဝက်ဖို့ဒ်အသင်းကို (၃-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဒီနေးဟာ လီဗာပူးလ်အသင်းကို (၃-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး နဲ့ ဂိုးဖန်တီးမှုကို ပြုလုပ်ခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ခံစစ်ပိုင်းကို ဒုက္ခပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဒီနေးဟာ လီဗာပူးလ်အသင်းအတွက် ခါးသီးတဲ့ ပြိုင်ဘက် ဖြစ်မှာ ဖြစ်ပေမဲ့လည်း သူက လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဆုဖလား ရရှိစေချင်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Liverpoolecho

ဝက်ဖို့ဒ် တိုက်စစ်မှူး ဒီနေးက “ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဘယ်အချိန်မှာ ပြီးဆုံးသွားမလဲ ဆိုတာ နဲ့ ဘယ်လို ပြီးဆုံးသွားမလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ တရားမျှတတဲ့ ရလဒ်ကို လိုချင်ပါတယ်။ တကယ်လို့ ပရီးမီးယားလဂ် ပြိုင်ပွဲကို ဖျက်သိမ်းလိုက်မယ် ဆိုရင် လီဗာပူးလ် အသင်းက ဒဏ်ရာရသွားမှာပါ။ အခုအချိန်မှာ ဘယ်သူမဆို လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ဆုဖလား ရရှိတာ မြင်ချင်ကြမှာပါပဲ။ သူတို့က ကောင်းခဲ့ကြပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အစက ဧပြီလ (၄) ရက်နေ့အထိ ရပ်နားထားတာ ဖြစ်ပေမဲ့ မနေ့က ကြာသပတေးနေ့မှာ ဧပြီလ (၃၀) ရက်နေ့အထိ ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပြီး အချို့ လူတွေကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းရလိမ့်မယ်လို့ ပြောလာကြလျက် ရှိပါတယ်။