ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း ဖြစ်တဲ့ ဘရိုက်တန်ရဲ့ ကြယ်ပွင့် ကစားသမား ထရော့ဆက်က နည်းပြဖြစ်သူ ဒီဇာဘီနဲ့ ဆက်ဆံရေး အဆင်မပြေတော့တာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ဘရိုက်တန်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း ထရော့ဆက်ရဲ့ အေးဂျင့်ဖြစ်သူ ကွန်ဟဲလ်က အတိအလင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ထရော့ဆက်က ၂၀၁၉ခုနှစ်မှာ ဂျန့်ခ်ကနေ ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ဘရိုက်တန်ထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ထရော့ဆက်က ဘယ်တောင်ပံမှာ အဓိက ဆော့ကစားလေ့ ရှိပေမယ့် လိုအပ်ရင် လိုအပ်သလို ကွင်းလယ်တိုက်စစ်နဲ့ ညာတောင်ပံတွေမှာပါ ပြောင်းလဲ ကစားနိုင်စွမ်း ရှိပြီး ထရော့ဆက်ဟာ ဘရိုက်တန်အတွက် ၃နှစ်ကျော် ကာလအတွင်းမှာ စုစုပေါင်း ၁၂၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အထူးသဖြင့် ထရော့ဆက်က ယခုနှစ် ဘောလုံးရာသီမှာ ပုံစံကောင်း တရပ် ရရှိနေတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ဒီရာသီမှာ ဘရိုက်တန် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ ၇ဂိုး သွင်းယူနိုင်ခဲ့ကာ ၃ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

Photo Credit: Goal

 

ထရော့ဆက်က ဘရိုက်တန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် ဂရေဟမ် ပေါ်တာရဲ့ နေရာကို အစားဝင်လာတဲ့ နည်းပြသစ် ဒီဇာဘီနဲ့ အစေးမကပ်ပဲ ဒီဇာဘီနဲ့ ထရော့ဆက်တို့ရဲ့ ကြားထဲမှာ အချင်းများမှုတွေ ရှိခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထရော့ဆက်က ဒီဇာဘီနဲ့ စကားများကာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲ ကနေ ထွက်သွားခဲ့သလို ဒီဇာဘီကလည်း သူ့ကို မလေးစားတဲ့ ထရော့ဆက်အား အသင်းရဲ့ လူစာရင်းထဲမှာ ထည့်သွင်းဦးမှာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ထရော့ဆက်က ဘရိုက်တန်ကို စွန့်ခွာကာ အသင်းသစ် ရှာဖွေဖို့ ဆုံးဖြတ်ထားပြီး ထရော့ဆက်ရဲ့ အေးဂျင့်ဖြစ်သူ ကွန်ဟဲလ်ကလည်း သူ့ရဲ့ ကစားသမားကို ယခု ဆောင်းဈေးကွက်မှာတင် အသင်းပြောင်းခွင့် ပေးဖို့ ဘရိုက်တန်ထံ လူသိရှင်ကြား တောင်းဆိုသွားခဲ့ပါတယ်။ ကွန်ဟဲလ်က – “ဒီဇာဘီဟာ ထရော့ဆက် အတွက် အကောင်းဆုံးနည်းလမ်းက အသင်းပြောင်းဖို့ပဲ ဆိုတာကို ကြိမ်ဖန်များစွာ သက်သေပြခဲ့ပြီးပါပြီ။ အခုချိန်မှာ အရေးကြီးဆုံးက ဘရိုက်တန်အနေနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အတွက် ပူးပေါင်း ဆောင်ရွက်ပေးဖို့ပါပဲ။ ကျွန်တော်တို့က ဒီဈေးကွက်မှာပဲ အသင်းသစ် ရှာဖွေဖို့ ကြိုးစားသွားမှာပါ။ ဒါကလည်း နှစ်ဦး နှစ်ဖက်စလုံး အတွက် အကျိုးရှိမယ့် အရာတခုပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။