MySport Myanmar

လက်စတာကို အနိုင်ရဖို့ ကံတရားရဲ့ ဖေးမမှုလည်း လိုအပ်ခဲ့ကြောင်း ထရော့ဆာ ဝန်ခံ

အာဆင်နယ်အသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား လီအန်ဒရို ထရော့ဆာက သူတို့အသင်းအနေနဲ့ လက်စတာကို (4-2) ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကံတရားရဲ့ ဖေးမမှုကိုလည်း လိုအပ်ခဲ့ကြောင်း ဝန်ခံ ပြောဆိုလိုက်ပါတယ်။

မနေ့ညက အမ်းမရိတ်ဒ်ကွင်းမှာ အာဆင်နယ်နဲ့ လက်စတာတို့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ရင်း ပထမပိုင်းမှာကတည်းက အာဆင်နယ်ဟာ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ပေမယ့် ဒုတိယပိုင်း ပြန်စပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ (၂)ဂိုး ပြန်လည် ခွင့်ပြုခဲ့ရကာ (၂)ဂိုးစီ သရေကျခဲ့ရင်း နာကျင်အချိန်ပိုမှသာ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Arsenal

ဒီပွဲမှာ အာဆင်နယ်ရဲ့ ထိုးဖောက်မှုတွေကို လက်စတာ ဂိုးသမား ဟာမန်ဆန် အတော်လေး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်က ဆယ်ကျော်သက် ကစားသမားလေး နွမ်နယ်ရီကို ထည့်သွင်းလာရင်း ဒီချာတိတ်လေးရဲ့ စွမ်းဆောင်မှုတွေကြောင့်ပဲ အာဆင်နယ်တို့ အချိန်ပိုမှာ လိုအပ်နေတဲ့ အနိုင်ဂိုးတွေကို ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဆင်နယ်အတွက် သွင်းဂိုး ရယူပေးနိုင်ခဲ့တဲ့ ထရော့ဆာက “နိုင်ပွဲက စိတ်သက်သာရာ ရစေပါတယ်။ ကျွန်တော် အခွင့်အရေးကောင်းတွေ ရခဲ့ပြီးတော့ ဒါကို အသုံးမချနိုင်တဲ့ အခါမျိုးမှာလည်း ကိုယ့်ကိုကိုယ် ဆက်ပြီး ယုံကြည်နေဖို့ လိုအပ်ပါတယ်။ အခွင့်အရေးတွေကို အသုံးချနိုင်တဲ့ အခါမှာတော့ ဦးဆောင်ခွင့် ပြန်ရခဲ့ပြီး ဒါက ကောင်းမွန်သွားရပါတယ်။”

Photo Credit : Goal

“အသင်းဖော်တွေကိုလည်း ဂုဏ်ယူမိပါတယ်။ အားလုံးက ရှေ့ကိုဆက်ပြီး အခွင့်အရေးတွေ ဖန်တီးဖို့ တွန်းအားပေးနေကြတယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့အသင်းအတွက် လိုအပ်နေတဲ့ အရာပါ။ အဲ့ဒီအချိန်မှာ ကိုယ်က ကိုယ့်နည်းလမ်းအတိုင်း လုပ်လို့မဖြစ်ရင် ဆက်ပြီး တွန်းအားပေးနေရမှာပါ။ နောက်ဆုံးမှာတော့ ကံတရားကလည်း ကျွန်တော်တို့ဘက်မှာ ရှိနေခဲ့တယ်။”

“ကျွန်တော်တို့က ပထမပိုင်းမှာ ပုံစံကောင်းပြပြီး (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပေမယ့် ပြန်ပေးလိုက်ရတဲ့ ဂိုးတွေက အရမ်းလွယ်ကူလွန်းတယ်။ ကျွန်တော်တို့မှာ ဂိုးတွေ ထပ်ရဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် သူတို့ ဂိုးသမားက ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့သလို ကျွန်တော်ကလည်း အဆုံးသတ် မသေချာခဲ့ဘူး။ ဒါပေမယ့် အဆုံးမှာတော့ သွင်းဂိုး (၂)ဂိုး ရခဲ့တာကတော့ အရမ်းကောင်းပါတယ်။” လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version