စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ထရက်ဇီဂေး ကတော့ သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရိုနယ်ဒိုဟာ အသင်းဖော်တွေနဲ့ အဆင်မပြေမှုတွေ ရှိခဲ့ကြောင်း ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ လက်ရှိ နွေဈေးကွက် အပြောင်းအရွှေ့ အတွင်းမှာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီး ဂျူဗင်တပ်အသင်းကလည်း စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ သူ့ကို သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရလာပါက ရောင်းချဖို့ ပြင်ဆင် ထားပါတယ်။

Photo Credit: The Sun

ရိုနယ်ဒိုဟာ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ၃ရာသီ အတွင်းမှာ သွင်းဂိုး ၁၀၁ ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် အယ်လီဂရီနီဟာ ရိုနယ်ဒိုကို သဘောမကျကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားသလို ဂျူဗင်တပ်အသင်းနဲ့ နီးစပ်သူတွေကလည်း ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ ကစားသမား တချို့နဲ့ အဆင်မပြေကြောင်း ပြောဆိုမှုတွေ ရှိခဲ့ကာ လက်ရှိမှာတော့ ထရက်ဇီဂေးက အဆိုပါ သတင်းတွေကို အတည်ပြု ပေးသွားခဲ့ပါတယ်။

Photo Credit: The Sun

ထရက်ဇီဂေးဟာ ဂျူဗင်တပ်အသင်းနဲ့ နီးစပ်တဲ့ ကစားသမားဟောင်း တဦး ဖြစ်ပြီး ရိုနယ်ဒိုဟာ ဂျူဗင်တပ် အသင်းမှာ အသင်းဖော်တွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ကြောင်း ပြောပြခဲ့သလို ရိုနယ်ဒိုကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်တဲ့ နည်းပြဟာ သူ့ရဲ့ အသင်းဖော်ဟောင်း ဇီဒန်းသာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး ထရက်ဇီဂေးက – “ရိုနယ်ဒိုကို ခေါ်ယူခဲ့တာက အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ ဘယ်သူကမှ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်မထားကြပါဘူး။ ရိုနယ်ဒိုနဲ့ သူ့ရဲ့ အသင်းဖော်တွေကြားမှာ ပြဿနာ တချိုု့ ရှိခဲ့ပါတယ်။ ဒါကို ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။ ဒါတောင်မှ သူက သွင်းဂိုး ၁၀၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဇီဒန်းကလွဲပြီး ဘယ်သူကမှ ရိုနယ်ဒိုကို ကောင်းမွန်အောင် ထိန်းကျောင်းနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောကြား သွားခဲ့တာပါ။