MySport Myanmar

လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့်ပွဲကိုပါ လွဲချော်သွားရနိုင်တဲ့ အာနိုးလ်

ရီးယဲလ် မက်ဒရစ်အသင်းဟာ နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုးလ်ရဲ့ ဒဏ်ရာအခြေအနေ အပြည့်အစုံကို တရားဝင် အတည်ပြုလိုက်ပြီးနောက်မှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ (၆)ပတ်အထိ အနားယူရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ သူဟာ လာမယ့် အောက်တိုဘာလက အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်မှာဖြစ်သလို သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာ ပြန်လည်ရင်ဆိုင်ရမယ့် အလွန်အရေးကြီးတဲ့ ပွဲစဉ်ကိုလည်း လွဲချော်နိုင်ခြေရှိနေပါတယ်။

အာနိုးလ်ဟာ မနေ့က (အင်္ဂါနေ့) မှာကစားခဲ့တဲ့ မာဆေးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးယဲလ်အတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပေမယ့် ပွဲချိန် (၅)မိနစ်မပြည့်ခင်မှာပဲ ကြွက်သားဒဏ်ရာကြောင့် လူစားလဲထွက်ခွာခဲ့ရပါတယ်။ သူ့ရဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်ဟာ ရက်ရက်စက်စက် အဆုံးသတ်သွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

ရီးယဲလ်အသင်းက ဒီနေ့မှာပဲ ကစားသမားရဲ့ဒဏ်ရာအပေါ် တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး “ကျွန်တော်တို့ ကစားသမား ထရန့် အလက်ဇန်းဒါး အာနိုးလ်ကို ဒီနေ့ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက်တွေအရ သူ့ရဲ့ဘယ်ဘက်ခြေထောက်က Biceps femoris ကြွက်သားမှာ ဒဏ်ရာရရှိသွားကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။” လို့ ဖော်ပြခဲ့ပါတယ်။

The Times သတင်းစာရဲ့ ဖော်ပြချက်အရ အာနိုးလ်ဟာ ဒီဒဏ်ရာကြောင့် (၆)ပတ်လောက်အထိ အနားယူရဖွယ်ရှိနေပါတယ်။ ဒီဒဏ်ရာကြောင့် အာနိုးလ်ဟာ လာမယ့် အောက်တိုဘာလ ပထမပတ်မှာ ပြန်လည်စုဖွဲ့မယ့် နည်းပြသောမတ်စ် တူဟယ်လ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကို လွဲချော်မှာ သေချာသွားပြီဖြစ်ပါတယ်။

Photo Credit : Goal

အာနိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကစားသမားစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရတာဖြစ်လို့ အခုဒဏ်ရာက သူ့ရဲ့နိုင်ငံအသင်း ပြန်လည်ပါဝင်ခွင့်ရရေး မျှော်လင့်ချက်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အခွင့်အလမ်း နည်းပါးသွားစေခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ အာနိုးလ်အတွက် နွေရာသီက စပိန်ကိုပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ငယ်ဘဝကလပ်ကို ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမယ့် စိတ်လှုပ်ရှားဖွယ်ရာ ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ သူဟာ အဆိုပါ အန်ဖီးလ်အိမ်ပြန်ခရီးစဉ်ကို အချိန်မီပါဝင်နိုင်ဖို့အတွက် အချိန်နဲ့တစ်ပြေးညီ ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

Exit mobile version