အီတလီစီးရီးအေပြိုင်ပွဲရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ လက်ရှိ ဘာစီလိုနာအသင်းမှာ သူကစားချင်နေတဲ့ နေရာအမှန်ကို ကစားနေရခြင်းမရှိလို့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ပါ ရုန်းကန်လို့နေရပြီး မပျော်မရွှင်ဖြစ်နေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်တိုနီယိုဂရစ်ဇ်မန်းကို အပြိုင်စိတ်ဝင်စားလို့နေကာ ဆောင်းရာသီစျေးကွက်အတွင်းမှာ အငှားနဲ့ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။

Photo Credit : Marca

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို သူတကယ်တမ်း ကစားချင်နေတဲ့နေရာမှာလည်း ကစားခွင့်မရလို့ စိတ်ပျက်လို့နေရပါတယ်။ အသင်းမှာ အခုလို မပျော်မရွှင်ဖြစ်နေရတဲ့ ဂရစ်ဇ်မန်းကို စီးရီးအေရဲ့အသင်းကြီးတွေဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ကနေ ခေါ်ယူသွားဖို့ အပြိုင်ပစ်မှတ်ထားလို့နေတယ်လို့ Calciomercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Calciomercato

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းနဲ့ ဂရစ်ဇ်မန်းတို့ကြားမှာ ဆက်ဆံရေးပိုင်း အဖုအထစ်လေးတွေ ဖြစ်ပေါ်နေပြီး ကိုးမန်းကိုယ်တိုင်က သူတကယ်ကစားချင်နေတဲ့နေရာမှာ လုံးဝပေးကစားခြင်းမရှိဘူးလို့ ဂရစ်ဇ်မန်းက ထုတ်ဖော်ပြောဆိုထားတယ်လို့ သိရှိရပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားချင်နေပြီး သူ့ကိုလည်း အင်တာမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ကနေ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ရာသီဝက်အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ လက်ရှိ ဂျုဗင်တပ်စ်အသင်းမှာတော့ တိုက်စစ်ကစားသမားတွေ အများအပြားရှိနေတဲ့အတွက် ဂရစ်ဇ်မန်းအနေနဲ့ ဂျုဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ထက် အဲရစ်ဆင်နဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ အင်တာမီလန်အသင်းကို ရွေးချယ်ဖွယ်ရှိနေပါတယ်။ ဂရစ်ဇ်မန်းဟာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ အသက်လက်တီကိုအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အသင်းသစ် ဘာစီလိုနာမှာတော့ အသက်လက်တီကိုတုန်းကလို ခြေစွမ်းမျိုးတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဂရစ်ဇ်မန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် လာလီဂါပွဲစဉ်(၃)ပွဲ ပါဝင်ကစားခဲ့ရပေမယ့်လည်း သွင်းဂိုးရယူခဲ့ခြင်းမရှိသေးပဲ ရုန်းကန်နေရပါတယ်။