လီဗာပူးအသင်းဟာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းရဲ့ အသက် ၁၇နှစ်အရွယ် လူငယ် ဂိုးသမား ပီတာလူဂါကို ပြောင်းရွှေ့ကြေး ပေါင် ၁.၃သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။ တချို့သတင်းတွေ မှာတော့ လူဂါဟာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ခန်းတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဖော်ပြ ထားကြပါတယ်။

ရိုးမားအသင်းဟာ မန်ယူအသင်းရဲ့ အင်္ဂလန် ခံစစ်မှူး စမောလင်းကို ခေါ်ယူနိုင်ဖို့ အတော်လေး ခက်ခဲနေကြောင်း နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ DiMarzioရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ DiMarzio ရဲ့ အဆိုအရ မန်ယူအသင်းဟာ စမောလင်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း အလိုရှိနေပြီး ရိုးမားအသင်း ကတော့ ယူရို ၁၅သန်း ဝန်းကျင်နဲ့သာ ကမ်းလှမ်းထားတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ခဲယဉ်းနေကြောင်း သိရပါတယ်။

Photo Credit: Metro

ချယ်လ်ဆီးအသင်းရဲ့ ဂျာမန် နောက်ခံလူ ဖြစ်တဲ့ ရူဒီဂါ ကတော့ ဝက်စ်ဟမ်းအသင်းရဲ့ တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချသွားကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။ ရူဒီဂါဟာ စပါးအသင်းထံ ပြောင်းရွှေ့ချင်နေပေမယ့် ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်အသင်း တစ်သင်းထံ ပြောင်းရွှေ့ခွင့် ပေးဖွယ် မရှိတာကြောင့် ရူဒီဂါအနေနဲ့ စပါးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ဖို့ ခက်ခဲနေပါတယ်။

အင်္ဂလန် နာမည်ကြီး သတင်းဌာန တချို့ကတော့ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အတွက် ကြိုးစားနေမှုတွေကို ရပ်တန့်လိုက်ပြီ လို့ ဆိုသွားကြပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းဟာ စီးရီးအေကလပ် အတ္တလန်တာအသင်းရဲ့ တောင်ပံ ကစားသမား ထရာအိုရေးနဲ့ ဘာစီလိုနာအသင်းရဲ့ ကစားသမား ဒမ်ဘီလီတို့ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်းလည်း သိရှိ ရပါတယ်။

Photo Credit: Metro

မန်စီးတီးအသင်းရဲ့ လူငယ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ အဲရစ် ဂါစီယာဟာ အသင်းဟောင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၁၈သန်း ဝန်းကျင်နဲ့ ရောက်ရှိတော့မယ် လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းနဲ့ မန်စီးတီးအသင်းတို့ ကြားမှာ ဂါစီယာ အတွက် ဆွေးနွေးမှုတွေဟာ မပြီးပြတ် သေးပါဘူး။

ချယ်လ်ဆီးအသင်းရဲ့ လူငယ် နောက်ခံလူ အသစ်ဖြစ်တဲ့ မာလန်ဆားလ် ကတော့ ပေါ်တူဂီ အင်အားကြီး ကလပ် ပေါ်တိုအသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ သွားပြီ လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

Photo Credit: Metro