ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အဲဗာတန်အသင်းရဲ့ အဓိက တောင်ပံ ကစားသမား တဦး ဖြစ်သူ တောင်ဆန်ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၁ အဲဗာတန် ပွဲစဉ်မှာ အဲဗာတန်အသင်း အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် ဘာ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ Siuuuu အောင်ပွဲခံပုံစံနဲ့ အောင်ပွဲခံခဲ့လဲ ဆိုတာကို ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပိုမို ကောင်းမွန်တဲ့ အသင်းတသင်း ဖြစ်ခဲ့သလို ဦးဆောင်ဂိုးကိုလည်း ပထမပိုင်းထဲက ရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဂရေး ၊ ဒူကူရီတို့ရဲ့ လျင်မြန်လှတဲ့ တန်ပြန်တိုက်စစ် တွဲလုံးကနေ တဆင့် တောင်ဆန်က အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့တာကြောင့် အဲဗာတန်အသင်းဟာ အဖိုးတန် သရေတမှတ်ကို ရရှိခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် သွင်းဂိုးကိုတော့ ပွဲကစားချိန် ၄၃မိနစ်မှာ တိုက်စစ်မှူး မာရှယ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အဲဗာတန်အသင်း အတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၆၅မိနစ်မှာ တောင်ဆန်က သွင်းယူပေးခဲ့တာပါ။

အဲဗာတန်အသင်း အတွက် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် တောင်ဆန်ဟာ ရိုနယ်ဒိုရဲ့ အောင်ပွဲခံဟန် အတိုင်း အောင်ပွဲခံခဲ့ပြီး ပွဲအပြီးမှာတော့ တောင်ဆန်က ရိုနယ်ဒိုပုံစံ အောင်ပွဲခံခဲ့တာဟာ ရိုနယ်ဒိုကို လှောင်ပြောင်လိုစိတ်နဲ့ အောင်ပွဲခံခဲ့တာ မဟုတ်ပဲ ရိုနယ်ဒိုဟာ သူ့ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်နေတာကြောင့်သာ ရိုနယ်ဒိုရဲ့ အရှေ့မှာ ရိုနယ်ဒိုစတိုင် အောင်ပွဲခံခဲ့တာပါ လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Standard

တောင်ဆန်က – “ဒီလို အောင်ပွဲခံခဲ့တာက ရိုနယ်ဒိုကို မလေးစားလို့ မဟုတ်ပါဘူး။ ရိုနယ်ဒိုက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပါ။ ဒါကြောင့် ဒီလိုပုံစံ အောင်ပွဲခံခဲ့တာက ရိုနယ်ဒိုကို လေးစားမှု ပြချင်ရုံသက်သက်ပါပဲ” လို့ ဖွင့်ဟ ပြောကြားခဲ့တာ ဖြစ်ပါတယ်။