မနေ့ညက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အီတလီအသင်းနဲ့ စပိန်အသင်းတို့ရဲ့ ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သာမာန်ပွဲကစားချိန်အတွင်းမှာရော အချိန်ပိုပထမပိုင်းနဲ့ ဒုတိယပိုင်းမှာရော တစ်ဖက်ကို တစ်ဂိုးစီ သရေကျနေခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ အီတလီအသင်းက ပင်နယ်တီ (၄)ဂိုး(၂)ဂုုိးနဲ့ အနိုင်ရခဲ့ပြီး ယူရို-၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိကို တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit : The Star

ဒီပွဲစဉ်မှာ အီတလီအသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့တဲ့ နောက်ခံကစားသမား လီယိုနာဒိုဘနူချီက စပိန်အသင်းရဲ့ အကောင်းဆုံး ယှဉ်ပြိုင်ကစားမှုကြောင့် သူတို့အတွက် အလွန်ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ရပြီး ဒီပွဲဟာ သူရဲ့ကစားသမားဘဝတလျှောက် ကစားခဲ့သမျှ ပွဲအားလုံးထဲကမှ အခက်ခဲဆုံးသော ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘနူချီက “ဒီပွဲက ကျွန်တော် ရင်ဆိုင်ကစားခဲ့သမျှ ပွဲတွေအားလုံးထဲမှာတော့ တကယ့်ကို အခက်ခဲဆုံးသော ပွဲစဉ်တစ်ပွဲပါပဲ။ ပြိုင်ဘက်စပိန်အသင်းကလည်း သူတို့ရဲ့ အကောင်းဆုံး စွမ်းရည်တွေကို ပြသသွားနိုင်ခဲ့လို့ သူတို့ကိုလည်း ချီးကျူးဂုဏ်ပြုလိုပါတယ်”

Photo Credit : Goal

“ဒါပေမယ့် ကျွန်တော်တို့ အီတလီအသင်းကလည်း စိတ်အားထက်သန်မှု စိတ်ဓါတ်ကြံခိုင်မှု ခက်ခဲလွန်းတဲ့ အခြေအနေတစ်ခုကနေ ကျော်ဖြတ်နိုင်ဖို့အတွက် တွန်းအားတွေကို ထပ်မံပြသနိုင်ခဲ့ပြီး ပင်နယ်တီနဲ့ အနိုင်ရလိုက်တာကတော့ ထီပေါက်လိုက်သလိုပါပဲ။ ဒီအောင်ပွဲက အမြဲတမ်းလိုလို ပျော်ရွှင်ရတဲ့ ခံစားချက်ကို ပေးနိုင်မှာပါ။ အခုဆိုရင်တော့ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့က စင်တီမီတာနည်းနည်းလေးပဲ လိုပါတော့တယ်။ ပန်းတိုင်ကို ရောက်ရှိဖို့က တကယ့်ကို နည်းနည်းလေးပဲ လိုပါတော့တယ်။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေက တကယ့်ကို အံ့အားသင့်စရာပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒါကို စိတ်ကျေနပ်နေလို့ မရနိုင်သေးပါဘူး။ ကျွန်တော်တို့တွေ ဗိုလ်လုပွဲကို ဆက်လက်ကစားရပါဦးမယ်။ လာမယ့်(၅)ရက်အကြာမှာလည်း အခုလို အောင်ပွဲဆာလောင်မှုတွေ နှစ်ပေါင်းများစွာ အလှမ်းဝေးနေရတဲ့ အောင်မြင်မှုကြီးကို ရယူပြီး အိမ်ပြန်နိုင်ကြဖို့အတွက် အရာအားလုံးကို စွန့်လွှတ်တိုက်ပွဲမယ့် စိတ်ထားမျိုးတွေ ဆက်လက်ရှိနေဖို့ လိုအပ်ပါသေးတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဘနူချီရဲ့ အီတလီအသင်းဟာ လာမယ့်ဇူလိုင်(၁၁)ရက်နေ့မှာ ယူရို-၂၀၂၀ ဗိုလ်လုပွဲကို အင်္ဂလန် ဒါမှမဟုတ် ဒိန်းမတ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံသွားရမှာဖြစ်ပါတယ်။