အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားရဲ့ ပဲ့ကိုင်ရှင်တွေ ဖြစ်ကြတဲ့ ဂန္တဝင် ကစားသမားကြီး တော့တီနဲ့ နည်းပြ ဟိုဆေး မော်ရင်ဟိုတို့က ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ဒိုင်ဘာလာကို ရိုးမားဆီ အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင် ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပြီး သူနဲ့ ဂျူဗင်တပ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

ကနဦးမှာ ဒိုင်ဘာလာက ဂျူဗင်တပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂျူဗင်တပ်ဘက်က သူတို့ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းသွားတာကြောင့် ဒိုင်ဘာလာနဲ့ ဂျူဗင်တပ်တို့ရဲ့ ကြားမှာ ကတ္တီပါ လမ်းခွဲတခု ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့တာပါ။

ဒိုင်ဘာလာက ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ယခုအချိန်မှာ အီတလီ စီးရီးအေ အင်အားကြီး အသင်းတွေ ဖြစ်ကြတဲ့ အင်တာမီလန်နဲ့ ရိုးမားတို့ အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း အများစုက ဒိုင်ဘာလာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေကြပြီး ရိုးမားရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ ဘုတ်အဖွဲ့ဝင် ရာထူးကိုပါ ရယူထားတဲ့ တော့တီကလည်း သူဟာ ဒိုင်ဘာလာကို ရိုးမားဆီ ခေါ်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Goal

တော့တီက – “ကျွန်တော်က ဒိုင်ဘာလာကို မက်လုံးတွေ ပေးပြီး ဆွဲဆောင်တာမျိုး မလုပ်ထားပါဘူး။ ကျွန်တော်က သူနဲ့ တချို့ကိစ္စလေးတွေ ပြောဖြစ်ခဲ့သလို ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ ကျွန်တော်တို့ ပေးချင်တဲ့ မက်ဆေ့ချ်ကို သူ သိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူက သူ့ရဲ့ အနာဂတ်ကို တယောက်ထဲ ဆုံးဖြတ်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ စောင့်ရပါလိမ့်မယ်။ ကျွန်တော်က သူသာ ကျောနံပါတ် ၁၀ကို လိုချင်ရင် ပေးဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် သူကတော့ ကျောနံပါတ် ၁၀ထက် ကျောနံပါတ် ၂၁ကိုပဲ လိုချင်တယ်လို့ ပြောထားပါတယ်” ဆိုပြီး ပြောကြားထားတာပါ။

ဒါ့အပြင် ရိုးမားရဲ့ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုကလည်း ဒိုင်ဘာလာကို ရိုးမားဆီ ခေါ်နိုင်ဖို့ နေ့တိုင်းလိုလို ဖုန်းဆက်ကာ စည်းရုံးနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါသေးတယ်။