ရိုးမားအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးဖြစ်သူ ဖရန်ဆစ်စကိုတော့တီကနေ လာမယ့်နွေမှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို ရိုးမားအသင်းဆီ ပြောင်းရွှေ့လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းနဲ့ (၇)နှစ်အထိ ဖြတ်သန်းပြီးနောက်မှာ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး လက်ရှိမှာလည်း လာမယ့်ရာသီမှာ ပါဝင်ကစားဖို့အတွက် ကလပ်အသင်းသစ် တစ်သင်းကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒီဘားလားလို တိုက်စစ်အရည်အသွေး​ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကို ကလပ်အသင်းများစွာက လိုချင်နေကြပြီး ဒီအသင်းတွေထဲမှာ စီးရီးအေကလပ် ရိုးမားအသင်းလည်း ပါဝင်နေပါတယ်။ ဒါကြောင့်လည်း ရိုးမားအသင်းရဲ့ legend ကြီး တော့တီက ဒီဘားလားနဲ့ ဆုံတွေ့ချိန်မှာ ဒီဘားလားကို ရိုးမားအသင်းဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

လာမယ့်တစ်ပတ် မီလန်နှစ်သင်းပိုင်တဲ့ ဆန်စီရိုဘောလုံးကွင်းမှာ ဆင်မြူရယ်အီတူး ဦးဆောင်ပြီး ကျင်းပပြုလုပ်သွားမယ့် ရန်ပုံငွေဘောလုံးပွဲစဥ်မှာ အီတလီဘောလုံးသမားဟောင်းကြီး တော့တီက ဒီဘားလားနဲ့ တစ်သင်းတည်းမှာ အတူတူ ပါဝင်ဆင်နွဲသွားရမှာဖြစ်လို့ တော့တီက ဒီအခြေအနေကို အကောင်းဆုံး အသုံးချသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ တော့တီက “ဒီဘားလားကို ရောမမြို့ဆီ ခေါ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ တနင်းလာနေ့မှာ သူနဲ့ဆုံရမယ်။ အဲ့ဒီအခါကျရင် သူ့ကို စည်းရုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့တွေ မီလန်မှာ အီတူးရဲ့ပွဲအတွက် အတူကစားပေးရမယ်။ သူ့ကိုလည်း ကျွန်တော် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အကြံညဏ်တွေလည်း ပေးရမယ်။ သူ့ခေါင်းထဲကို ရိုးမားအသင်းနဲ့ ပတ်သက်တဲ့အရာတွေ ထည့်သွင်းပေးရလိမ့်မယ်။ ဒီကြိုးပမ်းမှု အောင်မြင်လာဖို့လည်း မျှော်လင့်ပါတယ်။ ဒါကလည်း ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေတဲ့ ရိုးမားအသင်းအတွက် ကျွန်တော်လုပ်ပေးချင်နေတာတွေပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။