ကမ္ဘာကျော် အားကစားပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ကုမ္မဏီကြီးတစ်ခုဖြစ်သော Nike နဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုလို့ထားတဲ့ နာမည်ကျော် ပရီးမီးယားလိဂ်ဘောလုံးအသင်း စပါးအသင်းရဲ့လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီသစ်မှာ ဝတ်ဆင်လို့သွားမယ့် အိမ်ကွင်းဝတ်စုံသစ်ရဲ့ဒီဇိုင်းပုံစံဟာ ပေါက်ကြားခဲ့ရပြီး အင်တာနက်စာမျက်နှာပေါ်တွေမှာ ဖော်ပြခံနေရကာ ဒီဝတ်စုံရဲ့ဒီဇိုင်းနဲ့ပတ်သက်လို့ စပါးအသင်းရဲ့ပရိသတ်တွေကတော့ စိတ်တိုင်းမကျဖြစ်နေရကာ ဝတ်စုံဒီဇိုင်းက ပုံဆိုးပန်းဆိုး ဖြစ်နေရတယ်လို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : TSC

ကမ္ဘာကျော်အားကစားကုမ္မကြီးတစ်ခုဖြစ်တဲ့ Under Armourနဲ့ လက်တွဲဖြုတ်ပြီးတဲ့နောက် Nike နဲ့ ၂၀၁၇ခုနှစ်မှာပဲ လက်တွဲလုပ်ကိုင်လာခဲ့တဲ့ စပါးအသင်းဟာ လာမယ့်ဘောလုံးရာသီသစ်မှာလည်း Nike ကနေ ဒီဇိုင်းရေးဆွဲထားခဲ့တဲ့ ဝတ်စုံဒီဇိုင်းကိုပဲ ဝတ်ဆင်ရမှာဖြစ်ပေမယ့်လို့ လက်ရှိအွန်လိုင်းစာမျက်နှာတွေပေါ်မှာ ပျံနှံလျက်ရှိနေတဲ့ ဓါတ်ပုံထဲကလို ဒီဇိုင်းမျိုးသာဆိုရင်တော့ စပါးပရိသတ်တွေကို အကြီးအကျယ် စိတ်ညစ်စေမှာ သေချာပါတယ်။ အဲ့ဒီဓါတ်ပုံထဲက စပါးရဲ့အိမ်ကွင်းဝတ်စုံလို့ထင်ရတဲ့ ဝတ်စုံဒီဇိုင်းဟာ ပုံမှန်ဝတ်နေကြ စပါးအသင်းရဲ့အရောင်ဖြစ်တဲ့ အဖြူရောင်ပေါ်မှာ အကွက်အစိပ်တွေနဲ့ ပုံဖော်ထားတာဖြစ်ပြီး မျက်စိရှပ်စေမယ့် ဒီဇိုင်းမျိုး ဖြစ်နေစေပါတယ်။

Photo Credit : Twitter

ဒါက စပါးအသင်းရဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဝတ်ဆင်သွားမယ့် အိမ်ကွင်းဝတ်စုံသစ် ဟုတ်မဟုတ်ဆိုတာကို သေချာမသိရသေးပေမယ့် ဘယ်ပရိသတ်ကမှတော့ ဒီပုံစံက သူတို့အသင်းဝတ်မယ့် ဝတ်စုံဒီဇိုင်းသစ် ဖြစ်မလာစေချင်မှာ အသေအချာပါပဲ။ ကြည့်ရဆိုးလို့နေတဲ့ အင်တာနက်ပေါ်က စပါးဝတ်စုံသစ်နဲ့ပတ်သက်ပြီး စပါးပရိသတ်များစွာက “ဒီဟာသာ ငါတို့ရဲ့ အိမ်ကွင်းဝတ်စုံသစ် ဖြစ်လာခဲ့မယ်ဆိုရင်တော့ အဝေးကွင်းကိုပဲ ဝယ်တော့မယ်” “တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်တယ်” “ဒါကြီးကို ဝယ်စရာဘာအကြောင်းမှမရှိဘူး” “ရုပ်ဆိုးလိုက်တာ” “မလုပ်ပါနဲ့ ကျေးဇူးတင်ပါတယ်” စသဖြင့် စကားလုံးမျိုးစုံနဲ့ကို ဝေဖန်ပြစ်တင်ထားခဲ့ကြပါတယ်။ ဒီလို အင်တာနက်ပေါ်မှာ ထွက်ပေါ်လျက်ရှိနေတဲ့ ဝတ်စုံဒီဇိုင်းက မသေချာသေးပေမယ့်လည်း သေချာတာကတော့ Nike တာဝန်ယူ ဒီဇိုင်းဆွဲပေးရမယ့် စပါး ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ဝတ်စုံဒီဇိုင်းသစ်တွေနဲ့ပတ်သက်ပြီး ဒီအသင်းတွေရဲ့ပရိသတ်တွေက စိုးရိမ်လျက်ရှိနေကြပါတယ်။