စပါးအသင်းဟာ အသင်းမှာ ပုံမှန်နေရာ တစ်နေရာ ရရှိဖို့ ခက်ခဲလျက်ရှိနေတဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဒယ်လီအလီကို လာမယ့် ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ အသင်းကနေ ကာလတို အငှားစာချုပ်မျိုးနဲ့ အငှားချသွားဖွယ် ရှိလို့နေပြီး အငှားစာချုပ် ပြီးမြောက်သွားချိန်မှာတော့ အပြီးသတ် ရောင်းချတဲ့အထိ လုပ်ဆောင်မှာ မဟုတ်ပဲ အသင်းဆီကိုသာ ပြန်လည်ခေါ်ဆောင်မယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန် ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ အမ်ကေဒွန်းစ် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်မှုကြောင့် ၂၀၁၅ခုနှစ်မှာပဲ စပါးအသင်းဆီကို ပြောင်းရွှေ့လာခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးအသင်းနဲ့ သတ္တမမြောက် ဘောလုံးရာသီကို ဖြတ်သန်းလို့နေတဲ့ အလီဟာ အသင်းကို စတင်ပြောင်းရွှေ့လာချိန်တည်းက တစ်ရာသီကို အနည်းဆုံးအနေနဲ့ (၃၈)ပွဲလောက်အထိ ပါဝင်ခဲ့ရပေမယ့်လည်း စပါးအသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်ပေါ်လာပြီးနောက် အလီရဲ့ စည်းကမ်းပိုင်း မလိုက်နာမှုနဲ့ နည်းပြတွေနဲ့ အဆင်မပြေမှုတွေကြောင့် သူရဲ့ ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ရပြီး လက်ရှိအသင်းရဲ့နည်းပြ အန်တိုနီယိုကွန်တီ လက်အောက်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၂)မိနစ်သာ ပါဝင်ထားရပါသေးတယ်။

Photo Credit : Daily Mail

ဒီလို အခြေအနေတွေကြောင့် စပါးအသင်းဘက်ကနေ လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ အလီကို အငှားချဖို့ စီစဉ်လာခဲ့ရတာ ဖြစ်ပါတယ်။ အီတလီလူမျိုး ဘောလုံးနည်းပြ ကွန်တီဟာလည်း သူရဲ့အသင်းမှာ စည်းကမ်းပိုင်း မလိုက်နာတဲ့ ကစားသမားတွေကို ဆက်လက်မထားရှိချင်သလို ဆောင်းစျေးကွက်အတွင်းမှလည်း ကစားသမားသစ် ခေါ်ယူမှုတွေကို လုပ်ဆောင်ဖွယ် ရှိနေတာကြောင့် အလီကို အငှားချသွားချင်နေတာ ဖြစ်ပါတယ်။ အလီဟာ ဒီနှစ်ရာသီအတွင်း နည်းပြဟောင်း နူနိုဆန်တို ကိုင်တွယ်နေချိန်အတွင်း ပရီးမီးယားလိဂ် (၅)ပွဲဆက်တိုက်ထိကို ပွဲချိ်န်ပြည့် ပါဝင်ကစားခဲ့ရသလို ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ရချိန်မှာလည်း သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆန်တို ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းကို ကွန်တီ ရောက်ရှိလာချိန်မှာ အလီရဲ့ ပွဲထွက်ခွင့်တွေက နည်းပါးလာခဲ့ရပြီး အခုလို အငှားချဖို့အထိပါ စီစဉ်လာခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ရဲ့ ဆောင်းစျေးကွက်အတွင်းမှာ ပီအက်စ်ဂျီအသင်းရဲ့ အငှားကမ်းလှမ်းမှုကို (၂)ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ အလီဟာ စပါးအသင်းရဲ့ ငြင်းဆန်ပယ်ချမှုကြောင့် အသင်းပြောင်းခဲ့ရခြင်း မရှိပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ အငှားကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိလို့နေတဲ့ အလီကိုတော့ စပါးအသင်းဘက်ကနေ အပြီးသတ် ရောင်းထုတ်လိုခြင်း မရှိသေးကြောင်း သိရှိရပါတယ်။