MySport Myanmar

လိုရစ် နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီး ဂိုးသမားကို အလိုရှိနေတဲ့ စပါး

စပါးအသင်းဟာ အသင်းရဲ့ ဝါရင့် ဂိုးသမားကြီး ဟူဂိုလိုရစ်နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမား အများအပြားကို ပစ်မှတ်ထားနေခဲ့ရာ လက်ရှိမှာတော့ လန်ဒန်မြို့ခံကလပ် ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား အက်ဒွါမန်ဒီကို အလိုရှိလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Evening Stanadard

ပြင်သစ် လက်ရွေးစင် နဲ့ စပါးအသင်းတို့ရဲ့ ဝါရင့် ဂိုးသမား လိုရစ်ဟာ စပါးအသင်းမှာ (၁၁)နှစ်အထိ ဖြတ်သန်းခဲ့သူဖြစ်ပြီး သူရဲ့လက်ရှိ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေနဲ့ မကြာခင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အခြေအနေတွေကြောင့် လာမယ့်နွေမှာပဲ စပါးနဲ့ လမ်းခွဲရဖွယ် ရှိနေပါတယ်။ ဒါကြောင့် စပါးအသင်းဟာ လိုရစ်နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားတစ်ဦးကို အပူတပြင်း ရှာဖွေနေတာဖြစ်ပြီး ဘရန့်ဖို့ဒ်ရဲ့ စပိန် ဂိုးသမား ဒေးဗစ်ရာယာ နော်တင်ဟမ်မှာ အငှားနဲ့ သွားကစားနေတဲ့ မန်ယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန်တို့ကို ပစ်မှတ်ထားနေသလို အခုလည်း ချယ်လ်ဆီး ဂိုးသမား မန်ဒီကိုပါ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

Photo Credit : The Guardian

ချယ်လ်ဆီးအနေနဲ့လည်း လာမယ့် ရာသီမှာ ဂိုးသမားတစ်ဦးကို ထပ်မံ ခေါ်ယူဖွယ် ရှိနေပြီး အသင်းက ဂိုးသမား မန်ဒီ နဲ့ ကယ်ပါတို့ထဲက တစ်ဦးဦးကိုပါ ရှင်းထုတ်သွားဖို့ ရှိနေပါတယ်။ နောက်ပြီး ချယ်လ်ဆီးက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီထဲမှာ အသုံးစရိတ်များစွာ သုံးစွဲထားခဲ့တာကြောင့်လည်း လာမယ့် ဈေးကွက်တွေအတွင်း ကစားသမား ရောင်းချမှုကနေ ငွေတွေ ပြန်ရှာဖို့ လိုအပ်နေတဲ့အတွက် ချယ်လ်ဆီး ရှင်းထုတ်မယ့် ကစားသမားစာရင်းမှာ မန်ဒီ ပါဝင်လာနိုင်ပါတယ်။ ဒါကို စပါးအသင်းဘက်က အသုံးချသွားနိုင်ဖို့ ကြိုးပမ်းလာပြီး လိုရစ်နေရာမှာ ဆီနီဂေါ ဂိုးသမားနဲ့ အစားထိုးဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : We Ain’t Got No Histroy

မန်ဒီကိုယ်တိုင်ကလည်း ချယ်လ်ဆီးကို နည်းပြသစ် ပိုချက်တီနို ကိုင်တွယ်ရင်တောင် အသင်းမှာ နေရာတစ်နေရာ ပြန်ရဖို့က မသေချာတော့တာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်သာ ရှိနေပြီး အေးဂျင့် အပြောင်းအလဲပါ လုပ်ဆောင်ထားတာဖြစ်လို့ အသင်း အပြောင်းအလဲ လုပ်ဖို့က သေချာသလောက် ရှိနေပါတယ်။ ဒါကြောင့် မန်ဒီအနေနဲ့ လန်ဒန်မှာပဲ ဆက်နေပြီး စပါးအသင်းမှာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Exit mobile version