ဘောလုံးပရိသတ်တွေရဲ့ ရက်သတ္တပတ်တွေ ပြန်လည်စတင်ပါပြီ။ နိုင်ငံတကာပွဲတွေကြောင့် တစ်ပတ်ကျော်လောက်ကို ညည်းငွေ့နေခဲ့ရတဲ့ ဘောလုံးချစ်ပရိသတ်တွေအတွက် ပြိုင်ဆိုင်မှုတွေ အတော်လေးပြင်းထန်ကြတော့မယ့် ကလပ်အသင်းတွေပွဲတွေကို ဒီနေ့ကစတင်ပြီး တဝကြီး ပြန်လည်ခံစားကြည့်ရှုရတော့မှာပါ။ ဒီနေ့စနေနေ့မှာလည်း ပွဲကောင်းတွေများစွာကို ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲတွေထဲကမှ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : ESPN

စပါးနဲ့မန်စီးတီးတို့ ရင်ဆိုင်ရမယ့်ပွဲဖြစ်တဲ့အဖြစ် ကမ္ဘာကျော်ဘောလုံးနည်းပြနှစ်ယောက်ဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုနဲ့ ပတ်ဂွာဒီယိုလာတို့နှစ်ယောက်ရဲ့ ထိပ်တိုက်ရင်ဆိုင်ရဦးမယ့် ပွဲစဉ်လို့လည်း သတ်မှတ်နိုင်ပါတယ်။ (၂၁)ရာစုအတွင်း ခေတ်ပြိုင်နည်းပြတွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ ၂၀၀၉ခုနှစ်ကနေစတင်ပြီး ပြိုင်ဘက်တွေအဖြစ် မကြာခဏ ဆုံတွေ့ခဲ့ကြရာ အခုလည်း ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒီနည်းပြနှစ်ယောက်က (၂၃)ကြိမ်အထိတောင် အကြိမ်ကြိမ်တွေ့ဆုံထားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာတော့ မော်ရင်ဟိုကို ဂွာဒီယိုလာက အသာယူထားခဲ့ကာ (၁၁)ကြိမ်အထိတောင် အနိုင်ယူထားခဲ့ပြီး မော်ရင်ဟိုထက် (၅)ကြိမ်သာလွန်နေပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာတော့ မော်ရင်ဟိုရဲ့စပါးက ဂွာဒီယိုလာရဲ့မန်စီးတီးထက် ရပ်တည်မှုက မြင့်မားနေပြီး စပါးက အဆင့်(၂)နေရာကို ရောက်ရှိနေသလို မန်စီးတီးကတော့ စပါးထက် တစ်ပွဲလျော့ကာ အဆင့်(၁၀)နေရာကို ရောက်ရှိနေပါတယ်။ နှစ်သင်းလုံးက ဒီရာသီမှာ ရှံးပွဲတစ်ပွဲသာ ကြုံတွေ့ထားခဲ့တယ်ဆိုပေမယ့်လည်း နိုင်ပွဲရယူမှုမှာတော့ စပါးက ပိုသာလွန်နေပြီး (၈)ပွဲမှာ (၅)ပွဲနိုင်ထားတာဖြစ်သလို မန်စီးတီးကတော့ (၇)ပွဲမှာ (၃)ပွဲပဲ အနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်အဖြစ်နဲ့ ဧည့်ခံကစားရမယ့် စပါးအသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းကစားပုံ သိပ်အားရစရာမရှိတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ အိမ်ကွင်းမှာ ဘရိုက်တန်တစ်သင်းတည်းကိုပဲ အနိုင်ကစားထားခဲ့ပြီး အဲဗာတန်ကိုရှံးကာ နယူးကာဆဲလ်နဲ့ ဝက်စ်ဟမ်းတို့ကို သရေကျထားခဲ့ပါတယ်။ မန်စီးတီးကတော့ ဒီရာသီ အဝေးကွင်း(၄)ပွဲလုံး ရှုံးပွဲမရှိသေးပဲနဲ့ (၂)ပွဲနိုင် (၂)ပွဲသရေကျထားခဲ့တယ်။ နှစ်သင်းလုံးရဲ့ အိမ်ကွင်းအဝေးကွင်း Form တွေက အားရစရာအနေအထားမှာတော့ ရှိမနေကြသလို နိုင်ငံတကာပွဲတွေကြောင့် ပွဲပန်းတာ ကြံခိုင်မှုမပြည့်ဝတာ ဒဏ်ရာရတာနဲ့ ကိုဗစ်ကူးစက်တာတွေကြောင့်လည်း ကစားသမားအင်အားပိုင်းမှာ အနည်းငယ်လေးတော့ ထိခိုက်နိုင်ကြဖွယ် ရှိပါတယ်။ ဘယ်လိုတွေပဲဖြစ်ဖြစ် ဒီနေ့ည(၁၂)နာရီအချိန်မှာ ကျင်းပသွားမယ့် စပါးနဲ့မန်စီးတီး မော်ရင်ဟိုနဲ့ဂွာဒီယိုလာတို့ရဲ့ အားပြိုင်မှုကတော့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းမှာ အသေအချာပါပဲ။