အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို ခေါ်ယူသွားချင်နေတဲ့ စပါးအသင်းဟာ ကစားသမားအတွက် ယူနိုက်တက်အသင်းဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရော ကစားသမားရဲ့ လစာပမာဏကပါ မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့ ခက်ခဲနေရတယ်လို့ သိရှိရပါတယ်။

Photo Credit : United in Focus

အသက်(၂၅)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ သူရဲ့စွမ်းဆောင်ရည်တွေက အတော်လေးကို ကျဆင်းနေခဲ့ရသလို ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၇)ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့အထိ ဂိုးသွင်းအားတွေ ကျဆင်းခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်နေရတဲ့ မာစီယဲလ်ကို နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ခန့်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားဖို့ ယူနိုက်တက်ဘက်က ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

Photo Credit : Manchester Evening News

မာစီယဲလ်ကို လတ်တလောမှာတော့ စပါးအသင်းဘက်က အလိုရှိနေတယ်ဆိုပေမယ့် မာစီယဲလ်အတွက် ယူနိုက်တက်အသင်းဘက်ကနေ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)ဝန်းကျင် သတ်မှတ်ထားတဲ့အပြင် မာစီယဲလ်ရဲ့ တစ်ပတ်လုပ်ခဟာလည်း ပေါင်(၂၅၀၀၀၀)ခန့်လောက် ရရှိနေတာကြောင့် ဒီပမာဏတွေကို စပါးဘက်ကနေ ပေးချေသွားဖို့က ခက်ခဲလျက် ရှိနေရတာ ဖြစ်ပါတယ်။ စပါးအသင်းကတော့ နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူးကြီး ဟာရီကိန်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်ထားဖို့ ခက်ခက်ခဲခဲကို ကြိုးပမ်းနေရတာဖြစ်သလို မနှစ်က ရီးယဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကလည်း အငှားစာချုပ် ပြည့်မြောက်သွားလို့ ရီးယဲလ်ကို ပြန်ရောက်သွားပြီဖြစ်လို့ အသင်းရဲ့တိုက်စစ်ပိုင်းကို ပြန်လည်အင်အား ဖြည့်တင်းဖို့အတွက် ပရီးမီးယားလိဂ်မှာ (၆)နှစ်နီးပါး ကျင်လည်ထားခဲ့တဲ့ မာစီယဲလ်လို ကစားသမားမျိုးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ လက်ရှိမှာ အတ္တလန်တာအသင်းရဲ့ အီတလီဂိုးသမား ဂိုလီနီကို တစ်ရာသီအငှား+ယူရို(၁၅)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားခဲ့သလို ဆီဗီလာအသင်းရဲ့ စပိန်လူငယ် ကစားသမားလေး ဘရိုင်ယန်ဂေးလ်ကိုလည်း တိုကျိုအိုလံပစ်ပြိုင်ပွဲအပြီးမှာ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။