MySport Myanmar

ဒဏ်ရာကြောင့် လာမဲ့ ဘောလုံးရာသီအထိပါ လွဲချော်သွားရနိုင်တဲ့ ဘန်တန်ကာ

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ဥရုဂွေး ကွင်းလယ်ကစားသမား ရိုဒရီဂိုဘန်တန်ကာဟာ သူရဲ့ ဘယ်ဘက်ဒူးဒဏ်ရာကို ခွဲစိတ် ကုသမှု ခံယူခဲ့ပြီးတဲ့နောက် ဒီနှစ် ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်တွေ အားလုံးသာမကပဲ လာမဲ့ ဘောလုံးရာသီရဲ့ လအနည်းငယ်လောက်အထိပါ ဆက်လက် လွဲချော်သွားရနိုင်တယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၂၅)နှစ်အရွယ်ရှိ ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ ဘန်တန်ကာဟာ ဒီလ အစောပိုင်းက လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း အဆိုပါ ဒူးဒဏ်ရာကို ရရှိသွားခဲ့တာဖြစ်ပြီး ဒူးအရွတ် စုတ်ပြဲသွားခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့သလို ကာလရှည်ကြာ အနားယူသွားရတော့မယ်လို့ပါ ထုတ်ပြန်လာခဲ့ပါတယ်။ ဒီဒဏ်ရာကို ခွဲစိတ်မှုတွေ ပြုလုပ်လို့ အပြီးမှာတော့ ဘန်တန်ကာဟာ အခုရာသီရဲ့ လက်ကျန်ပွဲတွေကိုသာမကပဲ လာမဲ့ရာသီရဲ့ နိုဝင်ဘာလလောက်အထိပါ အနားယူရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ကမှ ဂျုဗင်တပ်စ်အသင်းကနေ စပါးအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့သူ ဘန်တန်ကာဟာ စပါးနည်းပြ အန်တိုနီယိုကွန်တီအတွက် အရေးပါလှသော ကစားသမားတစ်ဦးဖြစ်ပြီး ဒီလို ကစားသမားမျိုးကိုမှ အခုလောက်အထိ လက်လွတ်လိုက်ရတာက အသင်းအတွက် ကြီးကြီးမားမား ထိုးနှက်ချက် တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲအထိ ပါဝင် ကစားပေးထားခဲ့သူ ဘန်တန်ကာဟာ အခုနှစ်အတွင်း အသင်းရဲ့ ကယ်တင်ရှင် ကစားသမားလည်း ဖြစ်နေရပြီး သူရဲ့ သွင်းဂိုးတွေနဲ့ အသင်းကို အမှတ်ပြည့် မဆုံးရှုံးအောင် နိုင်ပွဲတွေ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

Photo Credit : The Sun

အရပ်အမောင်း မြင့်မားပြီး ကြံခိုင်မှု ကောင်းလှတဲ့ စွယ်စုံရ ကွင်းလယ်လူ ဘန်တန်ကာဟာ အခု ရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၆)ဂိုးအထိ သွင်းယူထားနိုင်ဖြစ်ပြီး (၂)ဂိုး ဖန်တီးပေးထားသလို အသင်းမှာလည်း ကွင်းလယ်ခံစစ်နေရာ ကွင်းလယ်ဗဟိုနေရာတို့အတွက် အဆင်ပြေသလို ကစားပေးထားနိုင်ပါတယ်။ လက်စတာနဲ့ပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးပြီးမှ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း အခုလို ACL ဒဏ်ရာမျိုး ရရှိသွားခဲ့တာက top four နေရာအတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ စပါးအသင်းကို အတော်လေး အကျပ်ရိုက်သွားနိုင်ပါတယ်။

Exit mobile version