ဒီနှစ်ဘောလုံးရာသီ မစတင်ခင်ကတည်းက အနာဂတ် အခြေအနေတွေ အလှုပ်ခတ်ဆုုံးသော ဘောလုံးသမားတွေထဲမှာ စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းလည်း ပါဝင်ပါတယ်။ ဟာရီကိန်းက တိုက်စစ်မှူး လိုအပ်လို့နေတဲ့ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကစားချင်ခဲ့ပေမယ့် စပါးအသင်း ဥက္ကဌဖြစ်သူရဲ့ ဟန့်တားပိတ်ပင်မှုတွေကြောင့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ရပဲ စပါးအသင်းမှာသာ ဆက်လက်ကျန်ရှိခဲ့ရပေမယ့် ဟာရီကိန်းရဲ့ စွမ်းဆောင်ရည်တွေကတော့ အရင်လို မဟုတ်တော့ပဲ လက်ရှိအချိန်ထိကို ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေရဆဲသာ ဖြစ်ပါတယ်။

Photo Credit : Football London

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းအတွက် ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိနစ်ပေါင်း(၂၈၈)မိနစ် ပါဝင်ကစားထားခဲ့ပြီး ဂိုးကန်သွင်းချက် (၄)ကြိမ် ပြုလုပ်ထားကာ (၃)ကြိမ် ဂို်းပေါက်တည့်ခဲ့သလို ပြိုင်ဘက်ဧရိယာအတွင်း ဘောလုံးထိချက်ပေါင်း (၁၀)ကြိမ် ရှိခဲ့ပေမယ့်လည်း သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးပဲ ဖြစ်နေရပါတယ်။ ဒါဟာ ဟာရီကိန်းလို ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်အတွက် မဖြစ်သင့်တဲ့ စွမ်းဆောင်ရည်မျိုးလို့ ယူဆနိုင်ပေမယ့်လည်း နွေစျေးကွက်မှာ သူပြောင်းရွှေ့လိုတဲ့ ကလပ်အသင်းဆီ ပြောင်းရွှေ့ခွင့်မရခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးလို့လည်း သတ်မှတ်နိုင်ပါတယ်။ အခုလို ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲကို ပါဝင်ကစားထားအပြီး ဂိုးပေါက်မတွေ့ရသေးခြင်းဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့ရတာလို့လည်း သိရပါတယ်။

Photo Credit : Sports Illustrated

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆွန်ဟောင်မင်နဲ့တွဲဖက်ပြီး သွင်းဂိုးတွေ လှိုင်လှိုင်သွင်းယူခဲ့ပြီး တိုက်စစ်မှူးတစ်ယောက်နဲ့ မလိုက်အောင်ပါ ဂိုးဖန်တီးမှုများစွာကို ပြုလုပ်နိုင်ခဲ့လို့ ဂိုးသွင်းဘုရင်ဆုရော Assists King ဆုကိုပါ တစ်ပါတည်း ရယူနိုင်ခဲ့တဲ့ ဟာရီကိန်းဟာ ဒီရာသီမှာ အခုချိန်ထိ ဂိုးပေါက်မတည့်သေးတာက အတော်လေးကို စိုးရိမ်စရာကောင်းပါတယ်။ ဒါက အထက်မှာ ဖော်ပြခဲ့တဲ့ အသင်းမပြောင်းရွှေ့ခဲ့ရခြင်းနဲ့ သက်ဆိုင်နိုင်သလို လက်ရှိအသင်းနည်းပြ နူနိုဆန်တိုရဲ့ လူစာရင်း အခင်းအကျင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲမှာ ဆန်တိုက ကိန်းကို တိုက်စစ်ဘယ်ခြမ်းမှာ ထားသုံးခဲ့ပြီး ဆွန်ဟောင်မင်ကိုပဲ No(9) Role မှာ သုံးစွဲခဲ့ပါတယ်။ ဒီပွဲမှာ ကိန်းက အသင်း (၂)ဂိုးပြတ်နဲ့ အရေးနိမ့်နေရချိန်မှသာ သူရဲ့ပင်ကိုယ်နေရာကို ပြောင်းကစားခဲ့ရပေမယ့်လည်း ဘာမှ အရာမထင်တော့သလို ဖြစ်နေရတယ်လို့ ဂယ်ရီနဖီးလ်က သုံးသပ်ခဲ့ပါတယ်။ ဒါကြောင့် ကြားရက်က လိဂ်ဖလားပွဲမှာ ဂိုးပေါက်တွေ့ခဲ့တဲ့ ကိန်းအနေနဲ့ လာမယ့် Super Sunday မှာ ခါးသီးမြို့ခံ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဉ်အတွင်း ဂိုးပေါက်ပြန်တွေ့နိုင်ဖို့နဲ့ အသင်းကိုပါ လန်ဒန်ဒါဘီ (၃)ပွဲဆက် အရှုံးနဲ့ မကြုံတွေ့ရဖို့ ကြိုးစားစွမ်းဆောင်ရဖွယ် ရှိနေပါတယ်။