အသင်းကနေ နည်းပြနူနိုဆန်တို ထုတ်ပယ်ခံလိုက်ရချိန်မှာ အသင်းနည်းပြသစ်အဖြစ် အီတလီလူမျိုး ဘောလုံးနည်းပြ အန်တိုနီယိုကွန်တီကို ခန့်အပ်ခဲ့တဲ့ စပါးအသင်းဟာ ကွန်တီကို ဘောလုံးသမား အပြောင်းအရွှေ့ စျေးကွက်ဖွင့်ချိန်တိုင်းမှာ အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားသစ်တွေကို စိတ်ကြိုက်ခေါ်ယူခွင့် ပြုမယ်လို့ အာမခံပြောဆိုခဲ့ပေမယ့် အခု ဆောင်းစျေးကွက်ကာလရဲ့ တဝက်လောက် ရောက်ရှိနေချိန်မှာ အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေက ငြိမ်သက်နေသေးတာဖြစ်လို့ ဒီအခြေအနေအပေါ်မှာ ကွန်တီဘက်ကနေ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာမှာကို စပါးအသင်းသားများစွာက စိုးရိမ်လျက် ရှိနေပါတယ်။

Photo Credit : The Guardian

ချယ်လ်ဆီး အင်တာမီလန် ဂျုဗင်တပ်စ်အသင်းတွေရဲ့ နည်းပြဟောင်း ကွန်တီဟာ တကယ့်ကို အရည်အသွေးကောင်းတဲ့ နည်းပြတစ်ဦးဖြစ်ပြီး သူကိုယ်တွယ်ခဲ့တဲ့ ကလပ်အသင်းတိုင်းကို ဆုဖလား အောင်မြင်မှုတွေလည်း ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်တီဟာ တကယ့်ကို ခေါင်းမာပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့ နည်းပြမျိုးဖြစ်ပြီး အင်တာမီလန်အသင်းကို စီးရီးအေချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် လာမယ့် ဘောလုံးရာသီအတွက် အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကလပ်အသင်း ဘုတ်အဖွဲ့ဝင်တွေနဲ့ သဘောထား ကွဲလွဲခဲ့ခြင်းကြောင့် အသင်းနဲ့ လမ်းခွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Express

ဒီလို အင်တာမီလန်အသင်းနဲ့ လက်တွဲဖြုတ်ပြီးတဲ့နောက် (၆)လခန့်လောက်အကြာမှ စပါးအသင်းနည်းပြအဖြစ် ဘောလုံးနည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ကွန်တီဟာ စပါးအသင်းကို ပရီးမီးယားလိဂ်မှာ (၈)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားခဲ့သလို အသင်းရဲ့ ကစားဟန်ကိုလည်း ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့် ကွန်တီက အသင်းရဲ့ လူအင်အားအပေါ် အားရခြင်းမရှိတာကြောင့် ဆောင်းစျေးကွက်ထဲမှာ ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ စီစဉ်နေပေမယ့် စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒန်နီရယ်လယ်ဗီးဘက်ကနေ ကစားသမား ခေါ်ယူဖို့အတွက် ဘာမှ လုပ်ဆောင်ပေးတာ မရှိသေးတာကြောင့် ဒီအခြေအနေကို ကွန်တီဘက်က စိတ်ပျက်နေသလို အသင်းရဲ့ ဒီနောက်ပိုင်း ပွဲစဉ်တွေမှာပါ သူရဲ့ Body Language တွေက သူရဲ့ စိတ်အခြေအနေကို ပြသနေလိုတောင် ဖြစ်နေတယ်လို့ မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ စပါးအသင်းရဲ့ ကစားသမားတွေကလည်း သူတို့ရဲ့နည်းပြ ကွန်တီအနေနဲ့ အသင်းဥက္ကဌရဲ့ ကတိမတည်နိုင်တဲ့ လုပ်ရက်တွေကြောင့် အသင်းနဲ့ စောစောစီးစီး လက်တွဲဖြုတ်သွားမှာကို စိုးရိမ်လျက် ရှိနေတယ်လို့ သိရပါတယ်။