စပါးအသင်းရဲ့ တောင်ကိုရီးယားကြယ်ပွင့် တိုက်စစ်ကစားသမားဖြစ်သူ ဆွန်ဟောင်မင်က သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားဟောင်း ပတ်ဂျီဆန်ကို ငယ်စဉ်ကတည်းက အရူးအမူး အားပေးခဲ့တာဖြစ်လို့ ပတ်ဂျီဆန် ပါဝင်ကစားခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းကိုပါ ပူးတွဲအားပေးခဲ့ဖူးတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ အသက်(၄၀)အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ကိုရီးယားဘောလုံးလောကရဲ့ Hero ကြီးဖြစ်သူ ပတ်ဂျီဆန်ဟာ ၂၀၀၅ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် ပွဲပေါင်း(၂၀၀)ကျော်အထိကို ပါဝင်ကစားခဲ့ဖူးပြီး အသင်းနဲ့လည်း ဥရောပချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလားတွေအပြင် ဆုဖလားအောင်မြင်မှုများစွာကိုလည်း သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။ ဒီလို အောင်မြင်ကျော်ကြားခဲ့တဲ့ ပတ်ဂျီဆန်ရဲ့ခြေရာကို လိုက်လာနို်င်ခဲ့တဲ့ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က သူဟာ ငယ်စဉ်ကတည်းက ပတ်ဂျီဆန်ကိုရော ပတ်ဂျီဆန်ရဲ့ ယူနိုက်တက်အသင်းကိုပါ အားပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

ဆွန်ဟောင်မင်က Pro:Direct ကနေ ဆွန်ငယ်စဉ်က ဘယ်ကလပ်အသင်းကို အားပေးခဲ့သလဲလို့ မေးမြန်းလာခဲ့ရာ ဆွန်က “မန်ချက်စတာယူနိုက်တက်အသင်းပါ။ ဘာကြောင့်လဲဆိုတော့ ပတ်ဂျီဆန်က အဲ့ဒီအသင်းမှာ ပါဝင်ကစားနေတာကြောင့်မို့ပါပဲ။ သူက ကျွန်တော်နိုင်ငံရဲ့ သူရဲကောင်းတစ်ယောက်ပါ။ ကိုရီးယားမှာဆိုရင် သူ့ကို လူတွေက နှလုံးသား(၂)ခုကို ပိုင်ဆိုင်ထားတဲ့သူလို့တောင် ပြောကြပါသေးတယ်။ သူက ကျွန်တော့်အတွက်ဆိုရင်လည်း National Hero တစ်ဦးပါပဲ။ ကျွန်တော်ရဲ့ အကောင်းဆုံး မိတ်ဆွေတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူက ကိုရီးယားကစားသမားကိုလည်း ပြည်ပမှာ လာရောက်ကစားဖို့အတွက် ဖိတ်ခေါ်တယ်။ အခွင့်အရေးတွေ ပေးတယ်။ သူ လုပ်ဆောင်ခဲ့တာတွေကလည်း တကယ်ကို မလွယ်ဘူး။ ခင်ဗျား သိတဲ့အတိုင်းပဲလေ။ သူက ပရီးမီးယားလိဂ်မှာ ပထမဆုံး ကစားဖူးတဲ့ ကိုရီးယားကစားသမားဆိုတော့။ သူ့ကို လေးစားသဘောကျမိတဲ့ စိတ်နဲ့ပဲ ကျွန်တော် သူပါဝင်ကစားနေတဲ့ ယူနိုက်တက်အသင်းကို အားပေးဖြစ်တာပါ။ အခုကတော့ အားမပေးနိုင်တော့ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။