စပါးအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသလိုု့နေပြီး လက်ရှိအချိန်မှာ သူရဲ့ စပါးအသင်းကိုလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာရောက်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့် သူ့ကိုယ်သူကိုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားတစ်ယောက်လို့ မထင်မြင်မိသေးကြောင်းနဲ့ ကြိုးစားအားထုတ်စရာတွေ ရှိနေသေးကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လေဗာကူဆင်ကနေ စပါးကို ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက သူရဲ့ခြေစွမ်းပိုင်း ပိုမိုတိုးတတ်လာခဲ့ရသလို အာရှတိုက်ရဲ့ အလင်းလက်ဆုံးသော ဘောလုံးသမားတစ်ယောက်အဖြစ်နဲ့ပါ သတ်မှတ်ခံလာရပါတယ်။ ဒါ့အပြင် ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၁၀)ဂိုး ရယူထားနိုင်ခဲ့ပြီး အဲ့ဒီထဲကမှ (၈)ဂိုးကိုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒီလိုစွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဆွန်ဟောင်မင်ကို ဘောလုံးပရိသတ်တွေကနေ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမားလို့ သတ်မှတ်လာခဲ့ကြတဲ့အပေါ် ဆွန်ကိုယ်တိုင်က လက်မခံခဲ့ပဲ တခြားကစားသမားကောင်းတွေလို Level မျိုးရောက်ဖို့အတွက် ကြိုးစားနေဆဲပဲလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆွန်ဟောင်မင်က “ကျွန်တော်ကတော့ ကျွန်တော်ကိုယ်ကျွန်တော် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်လို့ တစ်ခါမှ မထင်ခဲ့မိဘူး။ တကယ့်ကို အရိုးသားဆုံး ပြောတာပါ။ တစ်ခါမှ မတွေးခဲ့မိပါဘူး။ ကျွန်တော်က စပါးအသင်းအတွက်နဲ့ တောင်ကိုရီးယားအသင်းအတွက်ကိုပဲ အကောင်းဆုံးတွေ စွမ်းဆောင်ပေးနိုင်ဖို့အတွက်ပဲ ကြိုးစားအားထုတ်နေတာ။ နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် ကစားပေးရတာကတော့ ခြားနားတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ကတော့ အကောင်းဆုံးပြင်ဆင်မှုတွေကို လုပ်ဆောင်ထားခဲ့လို့ ပရိသတ်တွေ ဖြစ်စေချင်တဲ့ ပုံစံအတိုင်း အကောင်းဆုံးကစားပြနိုင်ခဲ့တာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ လက်ရှိမှာ သူရဲ့တောင်ကိုရီးယားအသင်းနဲ့အတူ International Break အတွက် သွားရောက်ပူးပေါင်းနေလျက်ရှိပြီး တောင်ကိုရီးယားအသင်းကလည်း ဒီတစ်ပတ်အတွင်းမှာ မက္ကဆီကို ကာတာအသင်းတို့နဲ့ နိုင်ငံတကာခြေစမ်းပွဲတွေကို ဆင်နွဲသွားရမှာဖြစ်ပါတယ်။