လတ်တလောမှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လျက်ရှိနေသလို ကိုယ်တိုင်ကလည်း ဆုဖလားအောင်မြင်မှုတွေ ရယူဖို့အတွက် မန်စီးတီးအသင်းဆီ ပြောင်းရွှွေ့ချင်နေတဲ့ စပါးတိုက်စစ်မှုး ဟာရီကိန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ မစတင်ခင် သူရဲ့စိတ်ဆန္ဒအတိုင်း မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားခွင့် ရရှိဖို့အတွက် လာမယ့်တစ်ပတ်အတွင်းမှာပဲ စပါးအသင်းဥက္ကဌ ဒန်နီရယ်လီဗီးနဲ့ တွေ့ဆုံပြီး ဆွေးနွေးပြောဆိုမှုတွေ အသေအချာ ပြုလုပ်သွားတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : talkSPORT

မန်စီးတီးအသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို ပြန်လည်မွမ်းမံသွားဖို့အတွက် အင်္ဂလန်တိုက်စစ် အတွဲအဖက်တွေဖြစ်တဲ့ ဟာရီကိန်းနဲ့ ဂျက်ဂရီးလစ်ရှ်တို့ကို ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေရာ ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ နီးစပ်လျက်ရှိနေပေမယ့် ဟာရီကိန်းကို ရရှိရေးက စပါးအသင်းတာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ခက်ခဲလို့နေပါတယ်။ ဟာရီကိန်းကိုယ်တိုင်ကလည်း ဆုဖလားအောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရတဲ့ စပါးအသင်းကနေ ထွက်ခွာချိန်တန်ပြီလို့ ဆုံးဖြတ်ထားတာကြောင့် အခုနွေစျေးကွက်အတွင်းမှာပဲ သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲကမှ သူနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

စပါးအသင်းဘက်ကတော့ သူတို့ရဲ့ အရေးပါဆုံးသော ကစားသမားတစ်ဦးဖြစ်တဲ့ ဟာရီကိန်းကို အသင်းကနေ လုံးဝလက်မလွတ်သွားချင်ပဲ ရောင်းချရမယ်ဆိုရင်တောင်မှ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၅၀)ကနေ သန်း(၁၆၀)လောက်အထိကို အလိုရှိနေတာဖြစ်တာမို့ ဒီပြောင်းရွှေ့ကြေးမျိုးနဲ့က ကိုဗစ်ဂယက်တွေကြောင့် စီးပွားရေး ထိခိုက်ထားရတဲ့ မန်စီးတီးအတွက် စိန်ခေါ်မှုကြီးတစ်ခုလို ဖြစ်နေရပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က ဘောလုံးရာသီမစတင်ခင်မှာပဲ သူ့ကို မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့နဲ့ မန်စီးတီးအသင်းရဲ့ ကစားသမားအလိုက်ပေး ကမ်းလှမ်းမှုတွေအပေါ် သေချာညှိနှိုင်းဖို့ပေးဖို့အတွက် လာမယ့်တစ်ပတ်မှာပဲ ဥက္ကဌလီဗီးနဲ့ တွေ့ဆုံကာ တောင်းဆိုသွားဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းမှာလည်း ဂရီးလစ်ရှ်ကို ပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းရဖွယ် ရှိနေတာကြောင့် ဟာရီကိန်းအတွက် ပြောင်းရွှေ့ကြေးတချို့နဲ့ အသင်းက ကစားသမား(ဘာနာဒိုဆေးဗား ဖြစ်ဖွယ်ရှိနေ)တစ်ဦးနဲ့ အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။