လတ်တလော ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံနှံမှုက တော်တော်လေးကို ဆိုးဆိုးရွှားရွှားဖြစ်နေခဲ့ပြီး အားကစားနယ်ပယ်အထိကို ရိုက်ခတ်လာခဲ့လို့ ဘောလုံးပွဲတွေအပါအဝင် အားကစားပွဲတော်တော်များများကို ယာယီရပ်ဆိုင်းထားခဲ့ရသလို မကြာခင်မှာ ကျင်းပတော့မယ့် အထင်ကရ အားကစားပြိုင်ပွဲတွေကိုလည်း ဆက်လက်ကျင်းပဖြစ်ဖို့ဆိုတာ ရာခိုင်နှုန်းအရမ်းနည်းလာခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဘောလုံးသမားတွေကလည်း နေအိမ်မှာပဲ သီးသန့်လေ့ကျင့်ခန်းတွေလုပ်ရင်း ရောဂါကူးစက်ခြင်းမရှိအောင် ဂရုတစိုက်နေထိုင်နေရသလို ရောဂါကူးစက်နေသူတွေအတွက်လည်း လှူဒါန်းမှုတွေ ထောက်ပ့ံမှုတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။

Photo Credit : The Sun

 

ဒီလို ပရဟိတအလုပ်တွေမှာ ပါဝင်ဆောင်ရွှက်လို့နေတာကတော့ စပါးအသင်းရဲ့ ဘယ်ဂျီယံနောက်ခံကစားသမား အယ်ဒါဝီရယ်ပဲဖြစ်ပါတယ်။ အယ်ဒါဝီရယ်က ဗိုင်းရပ်စ်ကူးစက်ခံနေရသူတွေ တစ်ယောက်တည်းသီးသန့် နေထိုင်နေရချိန် မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေနဲ့ အဆက်အသွယ်မရပဲ အထီးကျန်နေသူတွေအတွက် ကိုယ်ဆက်သွယ်ချင်တဲ့သူနဲ့ ဆက်သွယ်နိုင်အောင် iPads တွေကို လှူဒါန်းပေးသွားမယ်လို့ သူရဲ့တွစ်တာပေါ်ကနေ အသိပေးသွားခဲဲ့ပါတယ်။ အယ်ဒါဝီရယ်က “ဒီဗိုင်းရပ်စ်ကြောင့် လူတွေကြားမှာ လိုအပ်ချက်တွေများစွာ ဖြစ်လာခဲ့ရတယ်။ အထူးသဖြင့်တော့ ရောဂါပိုးကူးစက်လို့နေတဲ့ လူနာတွေအနေနဲ့ သူတို့မိသားစုဝင်တွေနဲဲ့ အဆက်အသွယ် လိုအပ်နေမှာပဲလေ”

Photo Credit : Goal.com

“အဲ့ဒီအတွက် ကျွန်တော့်ဘက်ကနေ တက်ဘလက်တွေ တစ်ဒါဇင်လောက်ဝယ်ပြီး ဆေးရုံဆေးခန်းတွေကို လိုက်လံလှူဒါန်းမယ်လို့ စီစဉ်ထားပါတယ်။ ဆိုတော့ လာမယ့်ရက်အတွင်းမှာ ဒီတက်ဘလက်တွေကို လာမယ့်ရက်ပိုင်းအတွင်း လိုအပ်တဲ့နေရာတွေအတွက် လိုက်လံလှူဒါန်းပါမယ်” လို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ဟာ လူလူခြင်း ကူးစက်ပျံနှံတတ်တဲ့ ရောဂါဆိုးကြီးတစ်ခုဖြစ်ပြီးတော့ နိုင်ငံပေါင်းစုံမှာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းမြင့်မားလျက်ရှိနေပြီး ဘောလုံးနယ်ပယ်အတွင်းမှာတောင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဟောင်း သေဆုံးခဲ့ရသလို ဒီဘားလား ရူဂါနီ မာတွီဒီ ဖယ်လိုင်နီ အိုဒွိုင်းတို့လို နာမည်ကျော်ဘောလုံးသမားတွေအပြင် အာဆင်နယ်နည်းပြ အာတီတာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ခံစားနေရပါတယ်။