MySport Myanmar

အာဂျင်တီးနား တိုက်စစ်မှူးဟောင်းကြီး တဲဗက်ဇ် စပါးအသင်းဆီ သွားရောက်ဖို့ စီစဉ်ထား

မန်ချက်စတာအသင်းနှစ်သင်းအပြင် ဂျုဗင်တပ်စ်အသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူးကြီး ကာလို့တဲဗက်ဇ်ဟာ ဥရောပဘောလုံးနယ်ပယ်ကနေ ထွက်ခွာသွားပြီး သူငယ်စဉ်ကတည်းက ပါဝင်ကစားခဲ့ဖူးတဲ့ ဘိုကာဂျူနီယာအသင်းမှာ ပြန်လည်ကစားနေရင်း ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇူလိုင်လမှာ ဘိုကာနဲ့ စာချုပ်ဖျက်သိမ်းခဲ့သလို ဘောလုံးလောကထဲကနေ အနားယူခြင်းမရှိပဲ free agent ကစားသမားအဖြစ်နဲ့သာ ရပ်တည်နေခဲ့ပါတယ်။

Photo Credit : The Sun

ဘောလုံးလောကနဲ့ (၈)လတာလောက် အဆက်အသွယ် ပြတ်တောက်နေရတဲ့ တဲဗက်ဇ်ဟာ လတ်တလောမှာတော့ အီတလီထိပ်သီးကလပ် အေစီမီလန်အသင်းဆီ လာရောက်လည်ပတ်ခဲ့ရင်း မီလန်နည်းပြပီအိုလီ မီလန်နည်းစနစ်ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီတို့နဲ့ ဖက်လှဲတကင်းနဲ့ တွေ့ဆုံနေကြသလို အီတလီအခြေစိုက် Corriere dello Sport သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ တဲဗက်ဇ်က တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီကိုပါ ထပ်မံသွားရောက်ဦးမယ်လို့ သိရပါတယ်။ လက်ရှိ စပါးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြကွန်တီဟာ ဂျုဗင်တပ်စ်အသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းက တဲဗက်ဇ်နဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပြီး သူတို့နှစ်ဦးကြားမှာလည်း ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတွေလည်း ရှိနေကြပါတယ်။

Photo Credit : Eurosport

အသက်(၃၈)နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ်မှူးဟောင်းကြီး တဲဗက်ဇ်ဟာ လက်ရှိမှာ သူရဲ့ဥရောပ ခရီးစဉ်အနေနဲ့ အေစီမီလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကိုသာ သွားရောက်ခဲ့တာ မဟုတ်ပဲ အခုသီတင်းပတ်အတွင်း အင်တာမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတွေ အသင်းဌာနချုပ်တွေကိုပါ တတ်ရောက်ခဲ့သလို ပြီးခဲ့တဲ့ တနင်္ဂနွေက အလိုင်းရန့်ဇ်ကွင်းမှာ ကစားသွားခဲ့တဲ့ သူ့အသင်းဟောင်း ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုကိုပါ ကြည့်ရှုသွားခဲ့ပါတယ်။ အခုလည်း တဲဗက်ဇ်ဟာ သူရဲ့ဆရာဟောင်း ကွန်တီရှိရာ စပါးအသင်းဆီကို လာရောက်လည်ပတ်ပြီး စပါးနဲ့ ဘရိုက်တန်အသင်းတို့ ရင်ဆိုင်တွေ့ဆုံကြမယ့် ပွဲစဉ်ကိုပါ တတ်ရောက်ကြည့်ရှုဖွယ် ရှိနေပါတယ်။ အာဂျင်တီးနားအသင်းအတွက် (၇၆)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့သူ တဲဗက်ဇ်ဟာ ယခင်က အမေရိကန် မေဂျာလိဂ် ဘောလုံးနယ်ပယ်ကို ပြောင်းရွှေ့ကစားဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အခုအခါမှာတော့ ဥရောပ ဘောလုံးရပ်ဝန်းကိုသာ ပြန်လည်ပြောင်းရွှေ့ဖို့ ပိုမိုစိတ်ကူးရှိလာခဲ့ပါတယ်။ တဲဗက်ဇ်ကို ဝိန်းရွန်နီရဲ့ အသင်းဟောင်းဖြစ်တဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေခဲ့ပြီး တဲဗက်ဇ်ကတော့ ဥရောပမှာသာ ပြန်လည်ခြေချဖွယ် ရှိနေပါတယ်။

Exit mobile version