ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၄)နေရာကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ဆိုင်ခဲ့ရတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ ခံစစ်ပိုင်း တောင့်တင်းနေစေဖို့အတွက် အင်တာမီလန် ခံစစ်မှူး အလက်ဇန်ဒရိုဘက်စတိုနီကို အရခေါ်ယူသွားဖို့ တရားဝင် ကမ်းလှမ်းတော့မယ်လို့ သိရှိရပါတယ်။

စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ ပေးဂိုး စတုတ္ထမြောက် အနည်းဆုံးအသင်းဖြစ်ပေမယ့်လည်း ခံစစ်ပိုင်းမှာ ခံစစ်အရည်အသွေးကောင်းတဲ့ နောက်ခံလူတစ်ဦး ထပ်မံအားဖြည့်သွားဖို့အတွက် ဘက်စတိုနီကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ဘက်စတိုနီဟာ လက်ရှိ စပါးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြအန်တိုနီယိုကွန်တီနဲ့ အင်တာမီလန်အသင်းမှာ အတူလက်တွဲခဲ့ဖူးတာဖြစ်ပြီး ဘက်စတိုနီကလည်း (၃)ယောက်တန်းခံစစ်မှာ အကောင်းဆုံး ပါဝင်ကစားတတ်သူဖြစ်လို့ ကွန်တီက စပါးအသင်းဆီ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ Football Insider ရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ အင်တာနောက်ခံလူ ဘက်စတိုနီကို ဒီတစ်ပတ် weekend မှပဲ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာလိမ့်မယ်လို့ သိရပါတယ်။

အသက်(၂၃)နှစ်အရွယ် အီတလီနောက်ခံကစားသမား ဘက်စတိုနီဟာ ဘယ်ခြေအားသန်တဲ့ ဗဟိုနောက်ခံလူတစ်ဦးဖြစ်ပြီး ဒီရာသီမှာ အင်တာအတွက် စီးရီးအေပွဲပေါင်း (၃၁)ပွဲ အပါအဝင် ပြိုင်ပွဲစုံပွဲပေါင်း (၄၄)ပွဲထိ ပါဝင်ကစားထားနိင်ခဲ့တဲ့ အဓိကနောက်ခံလူ ဖြစ်ပါတယ်။ ဘောလုံးအထိန်းအသိမ်းကောင်းသူ ဖြစ်သလို ဘောလုံးပေးပို့မှု passing တွေ ကောင်းမွန်သူဖြစ်တဲ့ ဘက်စတိုနီဟာ အင်တာမှာလည်း 3 men ခံစစ်တန်းမှာ အမြဲပါဝင်ကစားရသူဖြစ်သလို သူရဲ့မြင့်မားလှတဲ့ အရပ်အမောင်းနဲ့ နေရာယူပုံ ကောင်းမွန်ခြင်းကြောင့် ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ဆင်မှု တားမြစ်ဟန့်တားနိုင်သလို ပြိုင်ဘက်ခံစစ်ကိုလည်း တည်ကန်ဘောတွေကနေတစ်ဆင့် အမြဲဒုက္ခပေးနိုင်သူ ဖြစ်ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပြည့်ဝနေတဲ့ ဘက်စတိုနီကို ကွန်တီက စပါးအသင်းဆီ ခေါ်ဆောင်ချင်နေတာကြောင့် တရားဝင် ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး သူရဲ့လက်ရှိတန်ကြေးက ယူရိုသန်း(၆၀)ရှိနေပြီး စာချုပ်သက်တမ်းကလည်း ၂၀၂၄ခုနှစ်ထိ ရှိနေသေးတာဖြစ်လို့ စပါးဘက်က ဘက်စတိုနီအတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း(၆၀)နဲ့ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။