စပါးအသင်းက အသင်းနည်းပြ အန်တိုနီယိုကွန်တီနဲ့ နှစ်ဦးစဘောတူ လက်တွဲဖြုတ်ခြင်း မပြုလုပ်ပဲ အသင်းမှာသာ ဆက်လက် ထားရှိမယ်ဆိုရင် အသင်းဟာ အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ရစ်ချာလီဆန် နဲ့ နောက်ခံလူ ရိုမဲရိုးတို့ကို ဆုံးရှုံးသွားရနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Goal

ကွန်တီဟာ စပါးနည်းပြအဖြစ် ဆောင်ရွက်နေစဉ်အတွင်း အထူးသဖြင့် ဒီရာသီအတွင်းမှာ အသင်းက ကစားသမားတချို့နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တဲ့အပြင် ဆောက်သမ်တန်အသင်းကို တစ်ဖက် (၃)ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း သူ့ကစားသမားတွေအပေါ် ဝေဖန်စကားတွေ ပြောဆိုခဲ့ရာကနေ ခွာပြဲဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။ ကွန်တီက ခေါင်းမာတတ်တဲ့ နည်းပြတစ်ဦး aggressive ဆန်တဲ့ နည်းပြမျိုးဖြစ်လို့ အသင်းတာဝန်ရှိသူတွေ ကစားသမားတွေနဲ့ အလွယ်တကူ ပြသာနာ ဖြစ်တတ်တဲ့ type မျိုး ဖြစ်နေတာကြောင့် (၁၈)လ စာချုပ်သက်တမ်း မကုန်ခင်မှာ အသင်းနဲ့ ကျောခိုင်းခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Football365

တကယ်လို့သာ ကွန်တီက စပါးအသင်းနဲ့ လမ်းခွဲခြင်း မပြုလုပ်ရပဲ အသင်းနည်းပြအဖြစ် ဆက်ရှိနေမယ် ဒါမှမဟုတ် သူရဲ့ (၁၈)လ စာချုပ်သက်တမ်းကိုပါ ထပ်မံ တိုးမြှင့်ခဲ့မယ်ဆိုရင်တော့ ရစ်ချာလီဆန် ရိုမဲရိုးနဲ့ အခြားသော စပါးကစားသမားတွေ အသင်းကနေ သေချာပေါက် ထွက်ခွာသွားနိုင်တယ်လို့ အာဂျင်တီးနား ဂျာနယ်လစ်က သုံးသပ်ထားပါတယ်။ ရစ်ချာလီဆန်နဲ့ ကွန်တီတို့ကြားမှာလည်း ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာနဲ့ ပတ်သတ်ပြီး အပြန်အလှန် ပြောဆိုထားမှုတွေ ရှိထားခဲ့သလို ဆောက်သမ်တန်နဲ့ ပွဲအပြီး ကွန်တီရဲ့ မှတ်ချက်စကားတွေပေါ်မှာလည်း ရိုမဲရိုး ဟွိုက်ဘယက်တို့က မကျေမနပ် ဖြစ်နေကြသလို နောက်တစ်ခါ ကွန်တီအနေနဲ့ ဒီလို မှတ်ချက်စကား ပြောဆိုတဲ့အခါ ပိုပြီး တိကျရှင်းလင်းအောင် ပြောပေးပါလို့တောင် ဟွိုက်ဘယက်က တိုက်တွန်းခဲ့ပါသေးတယ်။

Photo Credit : talkSPORT

ဒီလို ကစားသမား အများစုနဲ့ အဆင်မပြေနိုင်တော့တဲ့ ကွန်တီ အသင်းတာဝန်ရှိသူတွေနဲ့ပါ မပြေလည်တော့တဲ့ ကွန်တီကို စပါးအသင်းက လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ချက်ချင်း နည်းပြသစ် မခန့်အပ်သေးပဲ ကွန်တီရဲ့ လက်ထောက်နည်းပြ ခရစ္စတီယန်စတယ်လီနီကိုသာ ယာယီနည်းပြအဖြစ် တာဝန်ပေးထားသလို အသင်းရဲ့ နည်းပြအဖွဲ့ဝင် ရိုင်ယန်မေဆန်ကိုတော့ စတယ်လီနီရဲ့ လက်ထောက်အဖြစ် တာဝန်ပေးထားပါတယ်။ ကွန်တီကတော့ လာမယ့်ရာသီမှာ အီတလီ စီးရီးအေကို ပြန်သွားဖွယ် ရှိနေပါတယ်။