ဟိုဆေးမော်ရင်ဟိုနဲ့ လက်တွဲဖြုတ်ပြီးနောက် ယာယီနည်းပြ ရိုင်ယန်မေဆင်နဲ့ စခန်းသွားနေရတဲ့ စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာတော့ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် လိုက်ပ်ဇစ်နည်း နာဂယ်စ်မန်း ဝုလ်ဗ်နည်းပြ နူနိုဆန်းတို့စ်နဲ့ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြကြီး ဆာရီတို့ကို ပစ်မှတ်ထားနေသလို ဘယ်ဂျီယံလက်ရွေးစင်အသင်းကို ကိုင်တွယ်လို့နေတဲ့ ရောဘတ်တိုမာတီနက်ဇ်ကိုပါ ချိန်ရွှယ်လာခဲ့တယ်လို့ Sport/Foot Magazine ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

စပါးအသင်းဟာ နာမည်ကျော်နည်းပြ မော်ရင်ဟိုနဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလကနေ စတင်လက်တွဲခဲ့တာဖြစ်ပေမယ့် (၁၇)လအကြာမှာပဲ အသင်းကနေ သူ့ကို ထုတ်ပယ်လာခဲ့ပြီး အသင်းရဲ့ကစားသမားဟောင်း မေဆင်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးခဲ့ပါတယ်။ မေဆင်က အသင်းကို လက်ကျန်ဘောလုံးရာသီ ကုန်ချိန်အထိ ကိုင်တွယ်ပြီးသွားရင် အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် နည်းပြတစ်ဦးဦးကို ခန့်အပ်သွားမှာဖြစ်တာကြောင့် အခုအချိန်က စပါးအသင်းဘက်ကနေ အသင်းအတွက် နည်းပြသစ်ရှာပုံတော် ဖွင့်နေရတာဖြစ်ပါတယ်။

Photo Credit : DW

လတ်တလောမှာ စပါးအသင်းဟာ နည်းပြတော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်နေပြီး တချိန်က ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးပြီး လက်ရှိ ဘယ်ဂျီယံအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြမာတီနက်ဇ်နဲ့ပါ သတင်းထွက်လာခဲ့ရပါတယ်။ ဝီဂန် အဲဗာတန်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ မာတီနက်ဇ်ဟာ ဘယ်ဂျီယံလက်ရွေးစင်အသင်းကိုပါ အကောင်းဆုံး ကိုင်တွယ်ထားနိုင်ပေမယ့် ကလပ်နည်းပြဘဝကို ပြန်လည်အလိုရှိနေတာကြောင့် အခုလို စပါးအသင်းနဲ့ သတင်းထွက်လာရတာဖြစ်ပါတယ်။ နောက်ပြီး မာတီနက်ဇ်ရဲ့ အေးဂျင့်ဇာဟာဗီနဲ့ စပါးအသင်းရဲ့ ဥက္ကဌ ဒန်နီရယ်လီဗီးတို့ကလည်း ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိကြတာမို့ ယူရို-၂၀၂ဝပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာ မာတီနက်ဇ်က စပါးအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းဟာ ယာယီနည်းပြ မေဆင်နဲ့အတူ ခါရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ဒီပြိုင်ပွဲမှာသာ ဗိုလ်စွဲနိုင်ခဲ့မယ် ဒါမှမဟုတ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၄)အတွင်း ဝင်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် မေဆင်ဟာလည်း ယာယီနည်းပြဘဝကနေ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ပြောင်းလဲခန့်အပ်ခံရလာဖွယ် ရှိနေပါတယ်။ျ