လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီသစ်မှာ ဝတ်ဆင်သွားမယ့် စပါးအသင်းရဲ့ဝတ်စုံဒီဇိုင်းသစ်တွေကို တရားဝင်ထုတ်ပြန်လာခဲ့ပြီဖြစ်ပြီး အိမ်ကွင်းဝတ်စုံသစ်ကိုတော့ ပရိသတ်အများစုက စိတ်တိုင်းမကျခဲ့ပဲ ၁၉၉၀နောက်ပိုင်း အဆိုးရွှားဆုံးသော အိမ်ကွင်းဝတ်စုံဒီဇိုင်းလို့တောင် သတ်မှတ်နေကြပါတယ်။ ရာသီသစ်မှာ ဝတ်ဆင်သွားတော့မယ့် ဝတ်စုံသစ်မိတ်ဆက်ပွဲကို စပါးအသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း ဆွန်ဟောင်မင်နဲ့ လိုဆယ်ဆိုတို့က ပါဝင်ခဲ့ကြပါတယ်။

Photo Credit : The Sun

ကမ္ဘာကျော် အမေရိကန်အခြေစိုက် အားကစားကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Nike ကနေ ဖန်တီးထုတ်လုပ်လိုက်တဲ့ စပါးအသင်းရဲ့အိမ်ကွင်းဝတ်စုံသစ်ဟာ အသင်းရဲ့ပင်မကာလာဖြစ်တဲ့ အဖြူရောင်နဲ့အတူ ပခုံးနားမှာ နက်ပြာရောင်ကို ပေါင်းစပ်သုံးစွဲထားပြီး အဖြူရောင်ပေါ်မှာတော့ အရင်လို အဖြူရောင်သီးသန့်ကိုသာ မသုံးထားပဲ မီးခိုးရောင်အဖျော့ အကွက်စိပ်များစွာ ထည့်သွင်းပုံဖော်ထားခဲ့တာဖြစ်ပါတယ်။ လည်ပင်းမှာတော့ အဝါရောင်ကို ထည့်သွင်းထားခဲ့ပြီး တစ်ထည်ကို ပေါင်(၇၀)နဲ့ ရောင်းချသွားမှာဖြစ်သလို စပယ်ရှယ်ဗားရှင်း ဝတ်စုံကိုတော့ ပေါင်(၁၀၀)ဝန်းကျင်လောက်နဲ့ ရောင်းချမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

စပါးအသင်းရဲ့ဝတ်စုံဒီဇိုင်းသစ်နဲ့ပတ်သက်ပြီး စပါးပရိသတ်များစွာက သူတို့ရဲ့လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်ပြစ်တင်စကားတွေကို ရေးသားသွားခဲ့ကြပြီး Nike လို ကမ္ဘာကျော် အားကစားကုမ္မဏီကြီးအနေနဲ့ ဒီလောက်ရိုးရှင်းနေတဲ့ ဒီဇိုင်းကို ကြည့်ရဆိုးအောင် ဖန်တီးထားတယ်လို့ ဝေဖန်ထားကြပါတယ်။ စပါးအသင်းရဲ့အဝေးကွင်းဝတ်စုံကိုတော့ အစိမ်းနက်ရောင်ကို အဓိကထားဖန်တီးထားသလို ဒီဝတ်စုံကိုတော့ ပရိသတ်တွေက သဘောကျလျက်ရှိနေပါတယ်။ စပါးအသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ Nike နဲ့ တစ်နှစ်ကို ပေါင်သန်း(၃၀)နဲ့အတူ (၁၅)နှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပြီး အခုလို အသင်းအတွက် ဒီဇိုင်းမျိုးတွေကို အမြဲဖန်တီးနေမယ်ဆိုရင် Nike နဲ့ လက်တွဲဖြုတ်သင့်တယ်လို့ စပါးပရိသတ်တွေက တိုက်တွန်းပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဖိုင်နယ်အထိ တတ်ရောက်ထားခဲ့တဲ့ စပါးအသင်းဟာ ဒီရာသီမှာတော့ အတော်လေးကို ရုန်းကန်နေခဲ့ရပြီး ဥရောပဝင်ခွင့်ရအောင် မနည်းကြိုးပမ်းခဲ့ရကာ ရာသီနောက်ဆုံးပွဲစဉ်မှာမှ အဆင့်(၆)နေရာကို အရယူနိုင်ခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ ပိုင်ဆိုင်ခဲ့ရပါတယ်။ စပါးအသင်းဟာ လတ်တလောမှာ ဆောက်သမ်တန်ကွင်းလယ်လူ အော့ဘာတ်ချ်နဲ့ ဘုန်းမောက်တိုက်စစ်ကစားသမား ကော်လန်ဝီလ်ဆန်တို့ကို ခေါ်ယူသွားဖို့ နီးစပ်လျက်ရှိနေပါတယ်။