စပါးအသင်းဟာ သူတို့အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဟယ်ရီဝင့်စ်အတွက် စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းရဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်တွေအရ ဗလင်စီယာနည်းပြ ဂျာဗီဂါဆီယာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ခဲ့စဉ်ကတည်းက ဟယ်ရီဝင့်စ်ရဲ့ ခြေစွမ်းတွေကို တွေ့မြင်ထားခဲ့ရပြီး နှစ်သက်မှုလည်း ရှိခဲ့တာကြောင့် အခုလို ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာခဲ့တာလို့လည်း သိရပါတယ်။

Photo Credit : Eurosport

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဟယ်ရီဝင့်စ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း စပါးအသင်းအတွက် ပွဲအနည်းငယ်ကိုသာ ပါဝင်ကစားထားခဲ့ရတာဖြစ်လို့ ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ကာ သူ့ကိုလည်း ပရီးမီးယားလိဂ်က ကလပ်အသင်းတွေအပြင် ပြည်ပငက ကလပ်အသင်းတွေကပါ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒီအသင်းတွေထဲမှာ ဗလင်စီယာလည်း ပါဝင်လို့နေပြီး ကနဦးကမ်းလှမ်းမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ပေမယ့်လည်း စပါးဘက်ကနေ ပယ်ချခဲ့လို့ နောက်ထပ်ကမ်းလှမ်းမှုတွေကို ထပ်မံလုပ်ဆောင်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : EPL Analysis

ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် ကစားသမားကောင်းတွေကို ရောင်းထုတ်ရပြီး လက်ရှိမှာ အသင်းရဲ့ ရလဒ်ပိုင်းတွေက တည်ငြိမ်မှုမရှိတဲ့ ဗလင်စီယာအသင်းဟာ အခုဆောင်းစျေးကွက်အတွင်းမှာ Playmaker တစ်ယောက်ကို ဦးစားပေးပစ်မှတ်ထားနေတာဖြစ်လို့ ဟယ်ရီဝင့်စ်ကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဝင့်စ်ကိုယ်တိုင်ကလည်း မကြာခင်မှာ ကျင်းပသွားတော့မယ့် ၂၀၂၀ ယူရိုပြိုင်ပွဲအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွဲခွင့်ရဖို့အတွက် သူ့ကို နေရာမပေးနိုင်တဲ့ စပါးအသင်းကနေ နေရာပုံမှန်ပေးနိုင်မယ့် ကလပ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့သွားချင်နေတာဖြစ်ပါတယ်။ စပါးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဝင့်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၅)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရသလို ပွဲစဉ်(၆)ကနေ ပွဲစဉ်(၁၃)အထိကိုလည်း ထိခိုက်ဒဏ်ရာရထားခြင်းမရှိပါပဲ တစ်မိနစ်မှကို ပါဝင်ကစားရခြင်း မရှိခဲ့ပါဘူး။ အခုလိုု အသင်းနဲ့ လမ်းခွဲချင်နေတဲ့ ဝင့်စ်ကို စပါးအသင်းဘက်ကနေ အငှားချခြင်းထက် အပြီးသတ်ရောင်းချသွားချင်နေပြီး ဝင့်စ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေကလည်း ဒီလိုကာလမျိုးမှာ အပြီးသတ်ဝယ်ယူတာမျိုးထက် ကာလတိုအငှားစာချုပ်နဲ့သာ ကမ်းလှမ်းချင်နေကြတာဖြစ်လို့ ဝင့်စ်ရဲ့အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ အနည်းငယ်တော့ ခက်ခဲလို့နေပါတယ်။