MySport Myanmar

ရစ်ချာလီဆန်အတွက် ပေါင်သန်း(၅၀)ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းသွားဖို့ ရှိနေတဲ့ စပါး

လတ်တလောမှာ လာမယ့်ဘောလုံးရာသီသစ်အတွက် ကစားသမားသစ် နှစ်ဦးကို ခေါ်ယူထားခဲ့ပြီးပြီဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ နောက်ထပ် ကစားသမား ခေါ်ယူမှုအဖြစ် အဲဗာတန်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၅၁.၂၅)သန်းနဲ့ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : CaughtOffside

ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ရာသီက သူရဲ့ အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းသွားရအောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၀)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အဲဗာတန်အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူ ရစ်ချာလီဆန်ဟာ ဘရာဇီးလ်အသင်းအတွက်ကိုလည်း (၃၆)ပွဲအထိ ကစားပေးထားနိုင်ခဲ့ပြီး သွင်းဂိုး(၁၄)ဂိုး သွင်းယူထားနိုင်သလို ၂၀၁၉ခုနှစ် ကိုပါအမေရိက ချန်ပီယံဆုဖလားကိုပါ ပိုင်ဆိုင်ထားခဲ့ပါတယ်။

Photo Credit : The Sun

အဲဗာတန်အသင်းရဲ့ main player တစ်ဦးဖြစ်တဲ့ ရစ်ချာလီဆန်ဟာ အခုနှစ်နွေမှာတော့ အဲဗာတန်ကနေ ထွက်ခွာပြီး အသင်းပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေသလို သူ့ကိုလည်း ပရီးမီးယားလိဂ်က အာဆင်နယ် ချယ်လ်ဆီး စပါးတို့လို လန်ဒန်မြို့ခံ ကလပ်အသင်းကြီးတွေက ပစ်မှတ်ထားနေကြပါတယ်။ လတ်တလောမှာတော့ မြောက်လန်ဒန် ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က ရစ်ချာလီဆန်ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးပမ်းနေကြပြီး ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ရရှိထားတဲ့ စပါးအသင်းက အသာရနိုင်ဖို့ အခြေအနေများနေသလို ရစ်ချာလီဆန်အတွက်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင်(၅၁.၂၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့်(၄)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ စပါးအသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ပြင်ဆင်မှုအနေနဲ့ အင်တာမီလန်အသင်းရဲ့ ဝါရင့် တောင်ပံကစားသမားကြီး အိုင်ဗန်ပါရီဆစ်နဲ့ ဆောက်သမ်တန် ဂိုးသမား ဖရေစာဖော်စတာတို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့သာ ခေါ်ယူထားခဲ့တာဖြစ်လို့ နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုအတွက် အသုံးစရိတ်ကို လိုအပ်သလို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ စပါးအသင်းက ရစ်ချာလီဆန်အတွက် ပေါင်သန်း(၅၀)လောက် သုံးစွဲသွားချင်နေပြီး ခံစစ်ပိုင်းအတွက်လည်း ပါအူတောရက်စ်နဲ့ ဘက်စတိုနီတို့ကို ဆက်လက်ပစ်မှတ်ထားနေပါတယ်။

Exit mobile version