စပါးအသင်းရဲ့ ညာနောက်ခံကစားသမား မတ်ဒိုဟာသီက သူတို့အသင်းကနေ နည်းပြဟိုဆေးမော်ရင်ဟို ရုတ်တရက် ထုတ်ပယ်ခံလိုက်ရခြင်းဟာ သူ အသင်းနည်းပြအဖြစ် ကိုင်တွယ်နေစဉ်အတွင်း ရလဒ်ကောင်းတွေကို မယူဆောင်ပေးနိုင်ခဲ့တဲ့ စပါးအသင်းသားတွေအားလုံးမှာပါ တာဝန်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်တို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေမှာ ကိုင်တွယ်ခဲ့ဖူးတဲ့ နာမည်ကျော် စပယ်ရှယ်ဝမ်းနည်းပြ မော်ရင်ဟိုဟာ ၂၀၁၉ခုနှစ်မှာပဲ စပါးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး စပါးနည်းပြဘဝ သက်တမ်း(၁၈)လလောက်အကြာမှာ အသင်းကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ အခုဆိုရင် မော်ရင်ဟိုဟာ ရိုးမားအသင်းရဲ့ နည်းပြသစ်ရာထူးကိုပါ လက်ခံထားခဲ့ပြီးပြီဖြစ်လို့ သူ့လို ထိပ်တန်းနည်းပြတစ်ယောက်က အသင်းကနေ အချိန်တိုလေးအတွင်းမှာပဲ ထုတ်ပယ်ခံလိုက်ရတာဟာ အသင်းသားတွေအားလုံးမှာ တာဝန်ရှိတယ်လို့ ဒိုဟာသီက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Pundit Area

ဒိုဟာသီက “မော်ရင်ဟိုက ဒီမှာ (၁၈)လခန့်ပဲ နည်းပြခဲ့ရတာပါ။ တကယ်လို့များသာ (၃) (၄)နှစ်လောက်သာ နည်းပြခွင့်ရခဲ့မယ်ဆိုရင် ကွဲပြားခြားနားတဲ့ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးက သူ့အတွက် ရလဒ်ကောင်းတွေ မရယူပေးနိုင်ခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုး ရောက်လာပြီဆိုတာနဲ့ နည်းပြတွေကပဲ သူတို့အလုပ်ကနေ အထုတ်ခံရတယ်။ သူ့အတွက် ရလဒ်ကောင်းတွေ မရယူနိုင်ခဲ့တဲ့ ကျွန်တော်တို့လို ကစားသမားမျိုးတွေကတော့ အသင်းမှာပဲ ဆက်လက်ရှိနေခဲ့ရတယ်။ ဒါက ရှက်စရာကောင်းတဲ့ ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ သူက နည်းပြကောင်းတစ်ဦးမို့ပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စပါးအသင်းကို ကာရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲအထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် လိဂ်ဖလားဖိုင်နယ်ပွဲ မတိုင်ခင်မှာပဲ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အခုတော့ မော်ရင်ဟိုက ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် ဆောင်ရွှက်သွားတော့မှာဖြစ်ပေမယ့်လည်း မော်ရင်ဟိုကို ထုတ်ပယ်ခဲ့တဲ့ စပါးအသင်းကတော့ အခုထိကို နည်းပြသစ်တစ်ယောက်ကို ရှာဖွေနေဆဲဖြစ်ပြီး လတ်တလောမှာတော့ နည်းပြကွန်တီနဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။