စပါးအသင်းကတော့ အသင်းမှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ပြင်သစ်ဝါရင့် ဂိုးသမားကြီး ဟူဂိုလိုရစ်နဲ့ လက်တွဲဖြုတ်ရဖို့ တဖြည်းဖြည်း နီးစပ်လာပြီဖြစ်တာကြောင့် သူရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ဂိုးသမားတစ်ယောက်ကို ခေါ်ယူသွားချင်နေပြီး အီတလီအခြေစိုက် Sky Sport Italia ရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ အတ္တလန်တာအသင်းရဲ့ အီတလီဂိုးသမားဖြစ်သူ ပယ်လူအီချီဂိုလီနီကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : IMAGO-Images

အသက်(၂၆)နှစ်အရွှယ်ရှိ အီတလီဂိုးသမား ဂိုလီနီဟာ မန်ချက်စတာယူနိုက်တက် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ယူနိုက်တက်မှာတော့ အခွင့်အရေး မရခဲ့ပဲ စီးရီးအေကလပ် ဗီရိုနာအသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့ရပါတယ်။ ဗီရိုနာမှာ (၂)နှစ်နီးပါး ပါဝင်ကစားခဲ့ပြီးနောက်မှာ ဂိုလီနီဟာ အင်္ဂလန်ကို ပြန်သွားခဲ့ပြီး အက်စတွန်ဗီလာအသင်းနဲ့ (၂)ရာသီ ဖြတ်သန်းခဲ့ပါသေးတယ်။ ၂၀၁ရခုနှစ်မှာတော့ ဂိုလီနီဟာ အတ္တလန်တာအသင်းဆီကို (၁၈)လအငှားနဲ့ သွားရောက်ကစားခဲ့ပြီး အငှားစာချုပ် ပြည့်ချိန်မှာပဲ အတ္တလန်တာကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Sportslens

ဂိုလီနီဟာ အတ္တလန်တာအသင်းဆီ စတင်ရောက်ရှိခဲ့ချိန် အသင်းမှာ ပွဲထွက်ခွင့်တွေ သိပ်မရခဲ့ပေမယ့်လည်း ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကနေ စတင်ပြီး ပွဲအရေအတွက်များစွာ ကစားလာခဲ့ရသလို ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း ပြိုင်ပွဲစုံ(၃၂)ပွဲအထိကို ပါဝင်ထားခဲ့ရပါတယ်။ ဂိုလီနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အတ္တလန်တာအသင်းအတွက် စီးရီးအေပွဲပေါင်း (၂၅)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၁၀)ပွဲကို ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူ့ကို စပါးအသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ လာမယ့် ၂၀၂၃ခုနှစ်မှာ အတ္တလန်တာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂိုလီနီဟာ အင်္ဂလန်မြေမှာ ကျင်လည်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့အပြင် အရည်အသွေးမြင့်တဲ့ ဂိုးသမားတစ်ယောက်လည်း ဖြစ်တဲ့အတွက် စပါးအသင်းက လိုရစ်ရဲ့နေရာမှာ အစားထိုးဖို့ သူ့ကို အလိုရှိနေပြီး ဂိုလီနီရဲ့လက်ရှိတန်ကြေးကတော့ ယူရိုသန်း(၂၀)ဝန်းကျင်လောက် ဖြစ်ပေမယ့် စပါးဘက်ကတော့ တစ်ရာသီအငှား+အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းချက်နဲ့သာ စတင်ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။ လက်ရှိ စပါးအသင်းမှာ အသင်းခေါင်းဆောင် ဂိုးသမား လိုရစ်အပြင် အင်္ဂလန်ရဲ့ ဝါရင့်ဂိုးသမားကြီး ဂျိုးဟတ်နဲ့ အင်္ဂလန်လူငယ်ဂိုးသမား ဝှိုက်မန်းတို့သာ ရှိနေပြီး ဂိုးသမားတစ်ဦး မဖြစ်မနေ ခေါ်ယူရမယ့် အနေအထားမျိုး ဖြစ်နေရပါတယ်။