စပါးအသင်းဟာ ဂါရတ်ဘေးလ်ကို မန်ယူအသင်းနဲ့ အပြိုင် ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားလာတာ ဖြစ်ပြီး စပိန် နဲ့ အင်္ဂလန် အခြေစိုက် မီဒီယာတွေက စပါးအသင်းက မန်ယူအသင်းထက် တောင်ပံကစားသမား ဘေးလ်ကို ခေါ်ယူနိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာကြတာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက် မှေးမှိန်လာတာကြောင့် ရီးရဲလ်အသင်းရဲ့ တောင်ပံ ကစားသမား ဘေးလ်ကို ခေါ်ယူချင်နေတာ ဖြစ်ပေမယ့်လည်း လက်ရှိမှာကတော့ စပါးအသင်းက ဝင်လုပြီး ခေါ်ယူသွားနိုင်ချေ ရှိလာပါတယ်။

 

Photo Credit: Dailymail

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ ရှေ့လာမယ့် အောက်တိုဘာလမှာ လက်ရှိရာသီရဲ့ အပြောင်းအရွေ့ ဈေးကွက်မပိတ်ခင် ညာတောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူချင်နေပြီး ပြီးခဲ့တဲ့ လကတည်းက ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း ပြောင်းရွေ့ကြေး ပေးချေဖို့ အခက်အခဲ ရှိနေပါတယ်။ မန်ယူအသင်းဟာ ဆန်ချိုကို ပေါင် သန်း (၁၀၀) နဲ့ အထက် ပေးပြီး ခေါ်ယူဖို့ ခက်ခဲတာကြောင့် ပေါင် သန်း (၂၀) အောက်နဲ့ ခေါ်ယူလို့ ရမယ့် တောင်ပံ ကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ချဉ်းကပ်လာခဲ့တာ ဖြစ်ပေမယ့်လည်း စပါးအသင်းက ဝင်လုမယ့် အနေအထားမှာ ရှိနေပါတယ်။

Photo Credit: Dailymail

ESPN သတင်းက စပါးအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း ဘေးလ်ကို ခေါ်ယူဖို့အတွက် မန်ယူအသင်းရဲ့ ရှေ့ကို ရောက်နေပြီ ဖြစ်ပြီး အပြောင်းအရွေ့ ကိစ္စအတွက် ဂါရတ်ဘေးလ်နဲ့ရော စပိန်လာလီဂါ ရီးရဲလ်အသင်းနဲ့ရော ဆက်သွယ်ခဲ့ပြီးပြီ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ စပါး နည်းပြ မော်ရင်ဟိုဟာ သွင်းဂိုးတွေ ရရှိနိုင်ဖို့အတွက် တိုက်စစ်မှူး ဟယ်ရီကိန်းကိုသာ အဓိက အားကိုးနေရတာကြောင့် တိုက်စစ်ကို ကူညီပေးမယ့် ကစားသမားသစ်ကို လိုချင်နေလျက် ဖြစ်ပြီး စပါးအသင်းရဲ့ ကစားသမားဟောင်း ဘေးလ်ကို ချဉ်းကပ်နေတယ်လို့ သတင်း ထွက်လာပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ နေရာမရတော့တာကြောင့် လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မပိတ်ခင် ရီးရဲလ်အသင်းကနေ ထွက်သွားနိုင်ချေ ရှိပြီး လက်ရှိမှာ မန်ယူအသင်းထက် အသင်းဟောင်း စပါးအသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ တရစပ် ထွက်လာပါတယ်။