MySport Myanmar

အဲရစ်ဆင်ကို ပြန်လည်ခေါ်ယူသွားဖို့ စိတ်အားထက်သန်လို့နေတဲ့ တော့တင်ဟမ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ခရစ္စတီယန်အဲရစ်ဆင်ကို လာမယ့်နွေမှာ အဲရစ်ဆင်ရဲ့ လက်ရှိကလပ် ဘရန့်ဖို့ဒ်အသင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူသွားဖို့ကို စိတ်အားထက်သန်လျက် ရှိနေပြီး တခြားသော ပရီးမီးယားလိဂ် ကလပ်အသင်း(၂)သင်းအပြင် အဲရစ်ဆင်ကို ထပ်မံသက်တမ်းတိုးချင်နေတဲ့ ဘရန့်ဖို့ဒ်အသင်းတို့နဲ့အပြိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

Photo Credit : The Japan Times

ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ တကယ့်ကို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပေမယ့် ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း နှလုံးဝေဒနာကြောင့် ကွင်းထဲလဲကျခဲ့ပြီးနောက်ပိုင်း သူရဲ့ကစားသမားဘဝက အဆုံးသတ်ရလုနီးပါးထိ ဖြစ်ခဲ့ရပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ ဘောလုံးပြန်ကစားခွင့်ရပြီး ဘရန့်ဖို့ဒ်အသင်းနဲ့အတူ လက်တွဲခဲ့သလို ဒိန်းမတ်လက်ရွေးစင်အသင်းမှာပါ ပြန်လည်ရွေးချယ်ခံလာရပြီး အခုလည်း သူရဲ့အသင်းဟောင်း စပါးကပါ သူ့ကို ပြန်လည်ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့ရပါတယ်။

Photo Credit : CNN

နှလုံးကို စက်တပ်ထားရတဲ့ အဲရစ်ဆင်ဟာ အီတလီစီးရီးအေမှာ ဘောလုံးကစားဖို့အတွက် အီတလီ ဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကြောင့် ဘောလုံးဆက်ကစားလို့ မဖြစ်တော့တဲ့အတွက် အင်တာမီလန်အသင်းနဲ့ စာချုပ်ပါ ဖျက်သိမ်းခဲ့ရပြီး free agent ကစားသမားအဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီ တကျော့ပြန် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲ ပါဝင်ကစားထားခဲ့ပြီး ပြီးခဲ့တဲ့ weekend က ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူရဲ့ဘရန့်ဖို့ဒ် ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သလို (၁)ဂိုးလည်း ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဘောလုံးပြန်ကစားဖြစ်ရင်း အရင်လို ခြေစွမ်းမျိုးတွေကိုပါ ပြန်လည်ပြသနေနိုင်တဲ့ အသက်(၃၀)အရွှယ် ကစားသမားကို သူ့အသင်းဟောင်း စပါးနဲ့ မန်ချက်စတာယူနိုက်တက် နယူးကာဆယ်တို့ကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေသလို လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်မယ့် အဲရစ်ဆင်ကို ဘရန့်ဖို့ဒ်အသင်းဘက်ကပါ သက်တမ်းတိုးသွားချင်နေပါတယ်။ ဒါပေမယ့် အဲရစ်ဆင်အတွက် စပါးက သူ့အသင်းဟောင်း ဖြစ်နေသလို လက်ရှိစပါးနည်းပြကလည်း အင်တာမှာ သူနဲ့လက်တွဲခဲ့တဲ့ ကွန်တီဖြစ်နေတာကြောင့် စပါးနဲ့ အဲရစ်ဆင်တို့ ပြန်ပေါင်းစည်းဖို့ကလည်း ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version