ပြီးခဲ့တဲ့ မတ်လတုန်းက ကျင်းပခဲ့တဲ့ စပါးအသင်းနဲ့ နောရစ်ချ်စီးတီးအသင်းတို့ရဲ့ အက်အေဖလားပြိုင်ပွဲအတွင်း ပြိုင်ပွဲပြီးဆုံးသွားချိန်မှာ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာက ပွဲကြည့်ပရိသတ်တွေရှိနေတဲ့ ကြားထဲကို ဝင်ရောက်သွားခဲ့ပြီး ပရိသတ်တစ်ဦးနဲ့ စကားအချေအတင်ဖြစ်ပွားခဲ့တာသလို ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ ဒိုင်ယာကို (၄)ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်အရေးယူလိုက်ပြီဖြစ်ပါတယ်။

Photo Credit : BBC

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာဟာ ပြီးခဲ့တဲ့ မတ်လတုန်းက စပါးအသင်းနဲ့ နောရစ်ချ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်အေဖလား ပဥ္စမအဆင့် ရှံးထွက်ပွဲစဉ်အတွင်းမှာ ပွဲကြည့်စင်အတွင်းကို ဝင်ရောက်သွားခဲ့ပြီး သူ့ညီအစ်ကိုဖြစ်သူနဲ့ စကားများနေတဲ့ ပရိသတ်တစ်ဦးဆီကို ဝင်ရောက်လာခဲ့လို့ ဘေးနားက ပရိသတ်တွေရော လုံခြုံရေးတချို့ကပါ ဝင်ရောက်ဟန့်တားခဲ့ရပါတယ်။ ဒိုင်ယာဟာ ပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းမရှိပေမယ့် သူရဲ့အပြုအမှုက ကစားသမားတစ်ယောက်အနေနဲ့ မလုပ်ဆောင်သင့်တဲ့ အနေအထားဖြစ်နေလို့ အက်အေကနေ အခုလို အမိန့်ချမှတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Yahoo

ဒိုင်ယာက ဒီဖြစ်ရပ်မှာ ပရိသတ်တစ်ဦးအပေါ် ခြိမ်းခြောက်ခဲ့ခြင်းမျိုးမရှိပဲ အဲ့ဒီပရိသတ်နဲ့ အချေအတင်ဖြစ်နေတဲ့ သူရဲ့ညီအစ်ကိုဆီကိုသာ အကာအကွယ်ပေးနိုင်အောင် အပြေးအလွှားရောက်လာခဲ့တာလို့ ထွက်ဆိုခဲ့သလို စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုကလည်း သူရဲ့ကစားသမားက ဆွေမျိုးရင်းချာတစ်ယောက်ကို ကာကွယ်ရုံသာဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အက်အေကတော့ ဒိုင်ယာရဲ့လုပ်ရက်အပေါ် ခွင့်လွှတ်ပေးဖို့ လစ်လျူရှခဲ့ပြီး (၄)ပွဲအထိ ပွဲပယ်ဖို့ အမိန့်ချခဲ့သလို ပေါင်(၄)သောင်းအထိ ဒဏ်ရိုက်သွားခဲ့ပါတယ်။ ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် ဒိုင်ယာဟာ မနက်ဖြန်မှာ ကစားရမယ့် ဘုန်းမောက်နဲ့ပွဲအပါအဝင် အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲ နယူးကာဆဲလ် လက်စတာတို့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲကျပ်ပွဲတွေကိုပါ ဆက်တိုက်လွဲချော်ရမှာဖြစ်ပြီး ရာသီသိမ်းပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှသာ ပြန်လည်ပါဝင်ကစားရမှာဖြစ်ပါတယ်။