စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ ဒီနှစ်ရဲ့နှစ်စပိုင်းလောက်တုန်းက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အာရှသားတစ်ဦးရဲ့အပေါ်မှာ လှောင်ပြောင်ခဲ့တဲ့ အမှုအယာမျိုးကို ကျူးလွန်မိခဲ့တာကြောင့် ဘောလုံးအဖွဲ့ချုပ်ကနေပြီး အလီကို (၁)ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ(၅)သောင်း ဒဏ်ရိုက်ခဲ့ရာ အလီအနေနဲ့ ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မှာပဲဖြစ်ပါတယ်။

စပါးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမားအလီဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သူကိုယ်တိုင် လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုတင်ခဲ့မိရာကနေ အင်တာနက်အသုံးပြုသူများက သူရဲ့လုပ်ရက်အပေါ် ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့တာကြောင့် အလီက ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ အဲ့ဒီအချိန်က တရုတ်နိုင်ငံပြင်ပ နိုင်ငံရပ်ခြားနေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ် မပျံနှံသေးတဲ့အချိန်ဖြစ်ပြီး အလီက သူရှေ့မှာရှိနေတဲ့ အာရှနိုင်ငံသားတစ်ဦးရဲ့ပုံကို ဗီဒီယိုရိုက်ကူးထားကာ ကိုရိုနာဗိုင်းရပ်နဲ့ပတ်သက်ပြီး လှောင်ပြောင်ထားခဲ့တာဖြစ်ပါတယ်။

အခုတော့ အလီဟာ သူရဲ့လုပ်ကြောင့် ပေါင်(၅)သောင်းအထိပါ ဒဏ်ရိုက်ခံခဲ့ရသလို ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ကိုပါ စပါးအသင်းဘက်ကနေ ဝင်ရောက်ကစားခွင့် ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။ လက်ရှိမှာ နှစ်ဖက်အသင်းစလုံးက ကစားသမားအင်အားအပြည့်အဝနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရှိနေပေမယ့် အလီလို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ပွဲပယ်ခံလိုက်ရတာက စပါးအသင်းအတွက်တော့ အနည်းငယ်ထိခိုက်မှု ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ကတော့ ပြန်လည်ကစားနိုင်ဖွယ် ရှိနေပါတယ်။