MySport Myanmar

စပါးအသင်း အလိုရှိနေတဲ့ နည်းပြတွေထဲမှာ အလွန်ဆိုပါ ပါဝင်လာ

လာမယ့် ဘောလုံးရာသီမှာ အသင်းအတွက် နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားဖို့ ရှိနေတဲ့ စပါးအသင်းဟာ နည်းပြများစွာကို စောင့်ကြည့်လျက် ရှိနေပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီရာသီ လေဗာကူဆင်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေသူ ဇာဗီအလွန်ဆိုကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

လီဗာပူးလ် ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး အလွန်ဆိုဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နည်းပြနယ်ပယ်မှာ ပြောင်းလဲ ကျင်လည်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကပဲ လေဗာကူဆင်ကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ စပိန် ကစားသမားဟောင်းကြီး အလွန်ဆိုက လေဗာကူဆင်အသင်းကို ကိုင်တွယ်ချိန်မှာပဲ အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)ကနေ အဆင့်(၆)နေရာထိ ပို့ဆောင်ပေးထားနိုင်သလို ယူရိုပါလိဂ်ဘက်မှာလည်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

Photo Credit : Daily Sabah

ဒါကြောင့်လည်း အလွန်ဆိုကို စပါးအသင်းဘက်က စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး သူတို့ အလိုရှိနေတဲ့ နည်းပြစာရင်းထဲမှာပါ ထည့်သွင်းလာခဲ့တာ ဖြစ်ပါတယ်။ အလွန်ဆိုဟာ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ချိန်မှာ ဆိုစီဒက် လူငယ်အသင်းနဲ့ အရန်အသင်းတွေမှာသာ နည်းပြအလုပ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှသာ စီနီယာ ဘောလုံးအသင်းတစ်သင်းကို စတင် ကိုင်တွယ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးသမားဘဝကတည်းက အောင်မြင်မှုတွေနဲ့ ယဉ်းပါးနေတဲ့ အလွန်ဆိုဟာ သူရဲ့အသင်းကို လမ်းကြောင်းမှန်ပေါ်မှာ ရှိနေနိုုင်အောင် အကောင်းဆုံး မောင်းနှင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

စပါးအသင်းအနေနဲ့ကလည်း အလွန်ဆိုအပြင် ဘိုင်ယန် နည်းပြဟောင်း နာဂယ်စမန်း လက်ရှိ ဖီယင်နု နည်းပြ အားနတ်စလော့ ဘန်လေ နည်းပြ ဗင်းဆင့်ကွန်ပနီ လက်စတာ နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာစ်နဲ့ စပိန် နည်းပြဟောင်း လူးဝစ်ဟင်းနရစ်တို့ကိုလည်း စောင့်ကြည့်နေပြီး ဒီနည်းပြတွေထဲမှာ အသင်းနဲ့ လက်တွဲဖို့ ဖြစ်နိုင်ခြေ အရှိဆုံး နည်းပြက ဟင်းနရစ် ဖြစ်နိုင်ပါတယ်။ ဘာစီလိုနာ နည်းပြဟောင်း ဟင်းနရစ်က ကလပ်အသင်း နည်းပြအဖြစ် ပြန်လည် လုပ်ကိုင်ချင်နေကြောင်း ဖွင့်ဟထားခဲ့ရာ လက်ရှိမှာလည်း သူ့အတွက် စပါးအသင်းရဲ့ နည်းပြရာထူးက လက်ခံ ရယူသွားဖို့ အကောင်းဆုံး ဖြစ်နေရပါတယ်။

Exit mobile version