တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီက အသင်းမှာ တိုက်စစ်ပိုင်းအတွက် ကွင်းလယ်ကနေ ဖန်တီးမှုကောင်းကောင်း လုပ်ဆောင်နိုင်မယ့် ကစားသမားမျိုးကို အလိုရှိလာခဲ့ရာ ရိုးမားအသင်းရဲ့ စီးရီးအေကြယ်ပွင့် ကစားသမား နီကိုလိုဇာနီအိုလိုကို (၆)လအငှားနဲ့ ကမ်းလှမ်းလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၃)နှစ်အရွယ် အရပ်(၆)ပေ(၃)လက်မရှိတဲ့ အီတလီ ကွင်းလယ်တိုက်စစ် ကစားသမား ဇာနီအိုလိုကို ရိုးမားအသင်းက အခု ဈေးကွက်ထဲမှာပဲ အသင်းကနေ ရှင်းထုတ်သွားချင်နေပြီး ကမ်းလှမ်းမှုတွေကိုလည်း နားစွင့်နေလျက် ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အင်တာမီလန် ကစားသမားဟောင်း ဇာနီအိုလိုကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပြီး အီတလီလူမျိုး ဘောလုံးနည်းပြ ကွန်တီ ကိုင်တွယ်နေတဲ့ စပါးအသင်းကလည်း ဇာနီအိုလိုကို အတော်လေး စိတ်ဝင်စားလျက် ရှိနေပါတယ်။ စပါးအသင်းဟာ အခုဈေးကွက်ထဲမှာ ဘရိုက်တန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကစားသမား လီယိုနာဒိုထရိုဆက်ဒ်ကို ပစ်မှတ်ထားခဲ့ပေမဲ့ ဒီကစားသမားက အာဆင်နယ်ကို ရောက်ရှိတော့မှာဖြစ်လို့ ဇာနီအိုလိုကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Chiesa de Totti

စပါးအသင်းဟာ ဒီနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေ များစွာ လုပ်ဆောင်ခဲ့ပြီး အသုံးစရိတ်လည်း များပြားခဲ့တာကြောင့် ဆောင်းဈေးကွက်ထဲမှာတော့ အသုံးစရိတ် ချွေတာရဖို့ လိုအပ်နေတဲ့အတွက် ထရိုဆက်ဒ်ကိုပါ ပြောင်းရွေ့ကြေး အနည်းငယ်နဲ့သာ ကမ်းလှမ်းနိုင်ခဲ့လို့ ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ အခုလည်း ကွင်းလယ်တိုက်စစ်အပြင် ညာတောင်ပံမှာပါ ကစားတတ်သူ အီတလီ ကစားသမား ဇာနီအိုလိုကိုလည်း ရာသီကုန်အထိ အငှားနဲ့သာ ကမ်းလှမ်းထားနိုင်ပါတယ်။ ရိုးမားအသင်းအနေနဲ့ကလည်း ဇာနီအိုလိုကို အင်တာမီလန်အသင်းကနေ ခေါ်ယူခဲ့စဉ်တုန်းက တခြားကလပ်အသင်းတွေဆီ ထပ်မံ ရောင်းချခဲ့မယ်ဆိုရင် ပြောင်းရွေ့ကြေးရဲ့ (၁၅)%ကို ပေးဆောင်ရမယ်ဆိုပြီး သဘောတူညီချက်တစ်ခု ထည့်သွင်းထားတာဖြစ်လို့ ရိုးမားက ဇာနီအိုလို အပြောင်းအရွေ့အတွက် ပြောင်းရွေ့ကြေး ပေါင်(၃၅)သန်းနဲ့သာ ရောင်းချချင်နေပါတယ်။ တကယ်လို့ စပါးဘက်ကနေ ဇာနီအိုလိုကို (၆)လအငှား+ပေါင်(၃၅)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်တို့နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ဒီကမ်းလှမ်းမှုကို ရိုးမားဘက်ကနေ လက်ခံသွားဖွယ်လည်း ရှိလာနိုင်ပါတယ်။