စပါးအသင်းကတော့ အသင်းရဲ့ ဝါရင့်ဂိုးသမားကြီး ဟူဂိုလိုရစ်သာ လာမယ့်နွေအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသမားတွေဖြစ်တဲ့ ဒင်းဟန်ဒါဆန် နစ်ပုဒ်နဲ့ ဆမ်ဂျွန်စတုန်းတို့ကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ ဗြိတိန်နာမည်ကြီးသတင်းစာ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football365

အသက်(၃၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ဂိုးသမားကြီး လိုရစ်ဟာ ၂၀၁၂ခုနှစ်ကနေစတင်ပြီး စပါးအသင်းမှာ ပါဝင်ကစားခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ဒီဂိုးသမားရဲ့ အနာဂတ်အခြေအနေတွေက မရေမရာ ဖြစ်လာခဲ့ရကာ နည်းပြဟောင်း ပိုချက်တီနို ကိုင်တွယ်လို့နေတဲ့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့လည်း ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။ တကယ်လို့သာ လာမယ့်နွေစျေးကွက်အတွင်း လိုရစ်နဲ့ လက်တွဲဖြုတ်ခဲ့ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အင်္ဂလန်ဂိုးသမားတွေဖြစ်တဲ့ ဒင်းဟန်ဒါဆန် နစ်ပုဒ်နဲ့ ဆမ်ဂျွန်စတုန်းတို့ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Twitter

ဒီဂိုးသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဖြစ်တဲ့ ဒင်းဟန်ဒါဆန်ကို စပါးအသင်းဘက်ကနေ အဓိကပစ်မှတ်ထားနေတာဖြစ်ပေမယ့်လည်း ယူနိုက်တက်ဘက်က အသင်းရဲ့ဂိုးသမားတွေဖြစ်တဲ့ ဒေးဗစ်ဒီဂီယာနဲ့ ဆာဂျီယိုရိုမဲရိုးတို့ကို အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေတာကြောင့် ဟန်ဒါဆန်ကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ပြီး လက်ရှိမှာလည်း ဟန်ဒါဆန်ကသာ ယူနိုက်တက်ရဲ့ ပင်တိုင်ဂိုးသမား ဖြစ်လို့နေပါတယ်။ ဘန်လေဂိုးသမား နစ်ပုဒ်ကလည်း ဘန်လေရဲ့ ပင်တိုင်ဂိုးသမားဖြစ်သလို သူ့ကို ရောင်းထုတ်ရမယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၄၀)လောက်အထိ တောင်းဆိုလာနိုင်တာကြောင့် ခေါ်ယူဖို့ အခက်တွေ့နိုင်ပါတယ်။ ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းကတော့ လက်စွမ်းပိုင်းလည်း သိပ်မဆိုးလှသလို လက်ရှိမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ထားခံခဲ့ရသူလည်း ဖြစ်နေပါတယ်။ သူရဲ့ပြောင်းရွှေ့ကြေးကလည်း အတန်အသင့် ရှိနိုင်ပေမယ့် တကယ်လို့ ဝက်စ်ဘရွန်းအသင်းသာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရမယ်ဆိုရင် ဆမ်ဂျွန်စတုန်းရဲ့ ပြောင်းရွှေ့ကြေးက နည်းပါးလာနိုင်တာမို့ ဒီဂိုးသမားက လိုရစ်နေရာကို ဝင်ရောက်လာဖို့အတွက် ဖြစ်နိုင်ခြေအရှိဆုံးတစ်ဦး ဖြစ်နေပါတယ်။