စပါးအသင်းဟာ သူတို့ရဲ့ ခါးသီးလန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူသွားဖို့အတွက် စီစဉ်လျက် ရှိနေတယ်လို့ အီတလီသတင်းမီဒီယာတွေကနေ ဖော်ပြလာခြဲ့့ပီး ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်သွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ (၁၁)နှစ်နီးပါးလောက်အထိ ပါဝင်ကစားခဲ့တဲ့ ဂန်းနားပရိသတ်တော်တွေရဲ့ အချစ်တော် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၉ခုနှစ်ကမှ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဂျုဗင်တပ်စ်အသင်းဆီကို ရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။ ရမ်ဆေးဟာ ဂျုဗင်တပ်စ်အသင်းနဲ့ အီတလီမှာ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပေမယ့်လည်း သူရဲ့ ပွဲထွက်ကစားခွင့်တွေက အကန့်အသတ်နဲ့ပဲ ရှိနေရသလို အသင်းကလည်း ကစားသမား လစာတွေ လျှော့ချနိုင်ဖို့အတွက် တစ်ပတ်ကို ပေါင်(၂၅၀၀၀၀)လောက် ပေးချေနေရတဲ့ ရမ်ဆေးကို အသင်းကနေ ရောင်းချချင်နေပါတယ်။

Photo Credit : Mirror

အခုလို အနာဂတ် မရေမရာ ဖြစ်လာခဲ့ရတဲ့ ရမ်ဆေးကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်း စပါးကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပြီး အသင်းရဲ့ ဒါရိုက်တာ ဖာဘီယိုပါရာတီချီကိုယ်တိုင် ရမ်ဆေးကို အသင်းဆီ ရောက်ရှိလာဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စပါးအသင်းဟာ ဒီရာသီမှာ ဂိုးသမား ဂိုလီနီနဲ့ လူငယ်ကွင်းလယ်ကစားသမား ဘရိုင်ယန်ဂေးလ်တို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဆစ်ဆိုခိုနဲ့ ဟာရီဝင့်စ်တို့က အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတာကြောင့် ရမ်ဆေးလို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကွင်းလယ်လူတစ်ဦးကို ထပ်မံအလိုရှိနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းမှာ ဆယ်စုနှစ်တစ်ခုခန့် ကျင်လည်ခဲ့ဖူးတဲ့ ရမ်ဆေးအနေနဲ့ အာဆင်နယ်ရဲ့ လန်ဒန်မြို့ခံကလပ် စပါးအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် သဘောတူနိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေရသလို တကယ်လို့ စပါးကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ အာဆင်နယ်ပရိသတ်များစွာရဲ့ စိတ်ဆိုးဒေါသထွက်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းက အသင်းနဲ့အတူ အက်အေဖလားချန်ပီယံဆုကို (၃)ကြိမ်အထိ ရယူနိုင်ခဲ့သလို ဖိုင်နယ်ပွဲစဉ်(၂)ပွဲမှာလည်း အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။