အေစီမီလန်အသင်းရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း မီလန်နဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် ကတ်ဆီးလို ထိပ်တန်းကွင်းလယ်ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ကလပ်အသင်းတိုင်းက စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲကမှ စပါးအသင်းက ကတ်ဆီးကို ခေါ်ယူနိုင်ခြေ အရှိဆုံး အသင်းတစ်သင်း ဖြစ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၅)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်ဆီးဟာ ကွင်းလယ်မှာ မောင်းနှင်အားကောင်းကောင်းနဲ့ ကစားနိုင်သူဖြစ်ပြီး မီလန်အသင်းရဲ့ ပင်နယ်တီတွေကိုလည်း ကန်သွင်းနေကြ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အတ္တလန်တာ ကစားသမားဟောင်း ကတ်ဆီးဟာ မီလန်ကို (၂)ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနဲ့ (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ရာ အခုဘောလုံးရာသီဟာ ကတ်ဆီးအတွက် မီလန်ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်လာခဲ့ရပြီး မီလန်ဘက်ကနေ ကတ်ဆီးကို သက်တမ်းတိုးဖို့ ကြိုးပမ်းလာခဲ့ပေမယ့် ကတ်ဆီးကတော့ သူရဲ့လစာကို တိုးမြှင့်တောင်းဆိုထားပြီး လက်ရှိအချိန်ထိ သက်တမ်းတိုး ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့ပါတယ်။

Photo Credit : TEAMtalk

ကွင်းလယ်ပိုင်း လုပ်အားနှုန်း ကောင်းမွန်လှတဲ့ ကတ်ဆီးကို ပီအက်စ်ဂျီ လီဗာပူးလ် မန်ချက်စတာယူနိုက်တက် စပါးအသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး လက်ရှိအချိန်မှာတော့ စပါးအသင်းက ကတ်ဆီးကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လာခဲ့ရပါတယ်။ စပါးအသင်းမှာက အီတလီစီးရီးအေပြိုင်ပွဲအတွင်း အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့ဖူးတဲ့ အားကစားဒါရိုက်တာ ဖာဘီယိုပါရာတီချီ ရှိနေတဲ့အတွွက် ကတ်ဆီးကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေရတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာဟောင်းတစ်ဦးဖြစ်တဲ့ ပါရာတီချီဟာ စီးရီးအေရဲ့ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူရိုမဲရိုးနဲ့ ဂိုးသမားဂူလီနီတို့ကို စီးရီးအေကလပ် အတ္တလန်တာအသင်းတွေကနေ ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပြီး အတ္တလန်တာ ကစားသမားဟောင်းဖြစ်တဲ့ ကတ်ဆီးကိုပါ လာမယ့်နွေစျေးကွက်မှာ ခေါ်ယူသွားနိုင်ဖို့ပါ အနီးစပ်ဆုံး ဖြစ်လို့နေပါတယ်။ ကတ်ဆီးဟာ ဒီနှစ်ဘောလုံးရာသီအတွင်း မီလန်အသင်းအတွက် စီးရီးအေပွဲစဉ် (၁၆)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။