အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ ဆန္ဒရှိလို့နေတဲ့ စပါးအသင်းဟာ အသင်းအတွက် အဆင်ပြေနိုင်မယ့် တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက်ရှိနေရာ လက်ရှိမှာတော့ စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်နေတဲ့အပြင် ကစားသမားဘဝရဲ့ အမြင့်ဆုံး Level ကို ရောက်နေချိန် ချန်ပီယံလိဂ်လိုမျိုး ဥရောပထိပ်တန်း ပြိုင်ပွဲကြီးတွေမှာပါ ပါဝင်ဆင်နွဲချင်နေတဲ့ ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်ကစားသမား ဒန်နီအင့်စ်ကို မျက်စိကျလျက်ရှိနေပြီး လာမယ့်နွေစျေးကွက်အတွင်းလောက်မှာ အရခေါ်ယူဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒန်နီအင့်စ်ဟာ ဆောက်သမ်တန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၇)ဂိုး သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာလည်း (၂၂)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒန်နီအင့်စ်ဟာ လာမယ့်၂၀၂၂ခုနှစ်မှာ သူရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်ကနေ စာချုပ်သစ်ကိစ္စကို စတင်လုပ်ဆောင်နေခဲ့ပေမယ့်လည်း သက်တမ်းတိုးဖို့က အဆင်မပြေ ဖြစ်နေရပြီး ကစားသမားကိုယ်တိုင်ကလည်း ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်ကို ရောက်နေချိန်မှာ ထိပ်တန်းအသင်းတစ်သင်းဆီကို ပြောင်းရွှေ့ကစားချင်နေပါတယ်။

Photo Credit : Eurosports

ဒီလိုအခြေအနေရှိနေတဲ့ ဒန်နီအင့်စ်ကို တိုက်စစ်အင်အားဖြည့်တင်းသွားချင်နေတဲ့ စပါးအသင်းကနေ စတင်ပစ်မှတ်ထားလာခဲ့ပြီး အသင်းရဲ့တိုက်စစ်မှာ အင်္ဂလန်တိုက်စစ်မှူးတွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဒန်နီအင့်စ်တို့ကို ပူးတွဲပိုင်ဆိုင်ရဖို့ ဆန္ဒရှိလို့နေပါတယ်။ စပါးအသင်းဟာ ဒီရာသီမှာ ဘင်ဖီကာအသင်းရဲ့ ဘရာဇီးလူငယ်တိုက်စစ်မှူးလေး ကားလို့စ်ဗင်နီစီယပ်စ်ကို အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့ပေမယ့် အပြီးသတ်ခေါ်ယူဖို့က မသေချာသေးတာကြောင့် တခြားသော တိုက်စစ်ကစားသမားတွေကိုသာ ပစ်မှတ်ထားနေရတာဖြစ်ပါတယ်။ ဗင်နီစီယပ်စ်က ဒေသတွင်းရှုံးထွက်ပွဲတွေနဲ့ ယူရိုပါလိဂ်ပွဲတွေမှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်လို ပွဲမျိုးမှာတော့ ရုန်းကန်နေရအတွက် ဒန်နီအင့်စ်လို ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူးမျိုးကိုပဲ ပိုမိုအလိုရှိနေတာဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒန်နီအင့်စ်ဟာ ၂၀၁၈ခုနှစ်ကမှ ဆောက်သမ်တန်ကို အငှားနဲ့ရောက်လာခဲ့တာဖြစ်ပြီး အငှားစာချုပ်ပြည့်ချိန်မှာ အသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ကာ အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ်နဲ့လည်း သတ်မှတ်ခံလာခဲ့ရပါတယ်။