အက်စတွန်ဗီလာအသင်းမှာ ပါဝင်ကစားနေတဲ့ တိုက်စစ်မှူး အိုလီဗာဝက်ကင်စ်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ဘင်ရာမာတို့ဟာ မနှစ်က ဘောလုံးရာသီကပဲ ဘရန်ဖိုဒ့်အသင်းကနေ ပေါ်ထွက်လာခဲ့ကြတဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်ပြီး အခုချိန်မှာတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြလျက်ရှိနေပါတယ်။ အခုလည်း အသင်းကြီးတွေ စိတ်ဝင်စားမှုကို ရရှိလာတော့မယ့် ဘရန်ဖိုဒ့်ကစားသမားတစ်ဦးလည်း ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါတယ်။

Photo Credit : Brentford FC

သူကတော့ တိုက်စစ်မှူး အိုင်ဗန်တိုနီပါ။ အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား တိုနီက ဒီနှစ်ဘောလုံးရာသီအတွင်း ဘရန်ဖိုဒ့်အသင်းအတွက် အထူးခြေစွမ်းပြလျက်ရှိနေပြီး လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း သွင်းဂိုး(၃၀)အထိ သွင်းယူထားကာ ဂိုးသွင်းဘုရင်ဆုအတွက်ကိုလည်း အနီးစပ်ဆုံး ဖြစ်နေရပါတယ်။ တိုနီဟာ ဘရန့်ဖိုဒ့်အသင်းအတွက် သွင်းဂိုးတွေကိုပဲ သွင်းယူပေးခဲ့တာမဟုတ်ပဲ ဂိုးဖန်တီးမှုမှာလည်း (၁၀)ဂိုးအထိ လုပ်ဆောင်နိုင်ခဲ့တာကြောင့် သူရဲ့တစ်ရာသီအတွင်း အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှုက ဂိုးပေါင်း(၄၀)အထိကို ရှိနေခဲ့ရပါတယ်။

Photo Credit : Chronicle Live

ဒီလိုစွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်တဲ့ တိုက်စစ်မှူးတိုနီကို လက်ရှိအချိန်မှာ ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလာခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ပိုပြီးစိတ်ဝင်စားလာခဲ့ပါတယ်။ စပါးအသင်းက ဒီအသင်းတွေထဲမှာ ထိပ်ဆုံးကနေ ပါဝင်လာခဲ့ပြီး တိုက်စစ်ပိုင်းကို အားဖြည့်တင်းမှု ပြုလုပ်ဖို့အတွက် တိုနီကို ပစ်မှတ်ထားလာခဲ့ပါတယ်။ စပါးအသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဟာရီကိန်းကို အသင်းကနေ လက်လွတ်ရဖွယ် ရှိနေတဲ့အပြင် ဘင်ဖီကာအသင်းကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ကားလို့စ်ဗင်နီစီယပ်စ်မှာကိုလည်း အပြီးသတ်ခေါ်ယူဖွယ် မရှိတာကြောင့် တိုက်စစ်ပိုင်း အားသစ်လောင်းဖို့အတွက် တိုနီကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ လက်ရှိမှာ တိုနီရဲ့ ဘရန့်ဖိုဒ့်အသင်းက ချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာကို ရောက်ရှိနေတာကြောင့် လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ပြန်လည်တတ်လှမ်းနိုင်ဖို့အတွက် Play-off ကစားခွင့် ရရှိမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ပရီးမီးယားလိဂ် တတ်လှမ်းခွင့်နဲ့ မကြာခဏ လွဲချော်နေရတဲ့ ဘရန့်ဖိုဒ့်တို့ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။